Skip to main content

ကမ္ဘာသစ်

သူငယ်ချင်းရေ

    ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊
    သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊
လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊
    လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမှန်ပဲ၊၊
    ဖျားနာနေတဲ့ ငါတို့ရဲ့community တွေမှာ အဆိပ်ကို ဆေးလို့ထင်နေကြတုန်းပဲ၊၊ ဂရုဏာတရား ဆိုတာ ဆေးခါးကြီးဖြစ်မှန်းမသိ ဖြစ်လာနေပြီ သူငယ်ချင်း၊၊ အဖြူရောင်ချယ်ခဲ့တဲ့ ငါတို့တတွေရဲ့ နှလုံးသားတွေ တောင့်ခံနိူင်ဖို့ ငါမျော်လင့်တယ်၊၊ အသစ်အသစ်တွေနဲ့ ရုပ်ဝတ္ထုကြားမှာ ငါတို့တွေ နစ်မွန်းမသွားဖို့ လိုတယ်သူငယ်ချင်း၊၊
    ငါတို့တတွေကို ဒီလောကကြီးကလိုအပ်တယ် ဆိုတာမေ့မသွားနဲ့၊၊ ငါတို့တွေမက်ခဲ့ဖူးတဲ့ အိပ်မက်တွေက အဓိပ္ပါယ်လေးနက်တယ် မှန်ကန်တယ်ဆိုတာ တစ်နေ့တော့ မင်းတို့ငါတို့တွေ မြင်ရမှာပါ၊၊ လှိုင်းကြမ်းနေတဲ့ ဒီအချိန်မှာ ငါတို့တွေ ဟန်ချက်ညီဖို့လိုတယ်၊၊
    သူငယ်ချင်း ငါတို့တွေရဲ့ ကမ္ဘာသစ်ကို အားမှန်အပြည့်နဲ့ တည်ဆောက်ချိန်မှာ ခက်ခဲပင်ပမ်းနိူင်ပေမယ့် မင်းစိတ်ဓာတ်မကျဖို့ ငါမျော်လင့်တယ်၊၊ နေရောင်ခြည်နဲ့ နွေးထွေးတဲ့ ကမ္ဘာသစ်ကို ငါတို့တွေမြင်ယောင်ရင်း ကြိုးစားသွားကြမယ်၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...