Skip to main content

ငါဟာ ဘယ်သူလဲ? Who am I?

 လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့

  •  ငါဟာ ဘယ်သူလဲ (Who am I?)
  •  ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ (What triggers me?)
  •  ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)
  •   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)
  •   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ (How is my healing journey?)

 

ငါဟာ ဘယ်သူလဲ?

ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။

စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေတစ်စုနဲ့ နှီးနှော ဖလှယ်ခွင့်ရတာက စာရေးသူအတွက် အင်မတန်မှ အကျိုးဖြစ်ထွန်းတဲ့ အချိန်ပေး ရင်းနှီးမြှပ်နှံမှု တစ်ခုပါပဲ။

ဒီအုပ်စုလေးကြောင့်ပဲ စာရေးသူရဲ့ ဆွေစဥ်မျိုးဆက် ဘိုးဘွား ဘီဘင် ဆင်းသက်လာပုံ၊ စာရေးသူတို့ မျိုးဆက်တွေ မမှီလိုက်တဲ့ လက်ရှိမှာ မကျင့်သုံးတော့တဲ့ ယဥ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံတွေ အကြောင်း အပြည့်အစုံ မဟုတ်တောင် တစေ့တစောင်း လေ့လာခွင့်ရတာဟာ ခုလက်ရှိ စာရေးသူကို ငါက ဘယ်ကလာတာ၊ ငါရဲ့ DNA ထဲမှာ ဘိုးဘွားတွေဆီကနေ ဆင်းသက်လာတဲ့ အမူအကျင့်နဲ့ တုံ့ပြန်မှုတွေ ပါလာတာမို့ ဒါတွေက လက်ရှိ ကိုယ့်ဘဝရဲ့ ဖြစ်တည်ခြင်းအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာတွေကို အနည်းအကျဥ်း နားလည် သဘောပေါက်လာရပါတယ်။ မိမိရဲ့ ဘိုးဘွားသမိုင်းကို သိနားလည်ခြင်းက စာရေးသူအတွက်တော့ ကိုယ့်ကိုယ်ကို ပြန်ပြီး ဆန်းစစ်ရာမှာ အများကြီး အထောက်အကူပြုပါတယ်။

သမိုင်းဦးကစလို့ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ အပေါင်းအဖော် အဖွဲ့အသင်းနဲ့ နေရတာ ထုံးစံပဲမို့ မိမိနဲ့ သက်ဆိုင်ရာ အဖွဲ့အသင်းက ဘာလဲဆိုတာ သိဖို့ရာ အရေးကြီးပါတယ်။ မိမိ ဘယ်သူဘယ်ဝါဆိုတာ သိဖို့ရာက မိမိက ဘယ်ကနေလာတာဆိုတာ သိဖို့ လိုအပ်တယ်လို့ ထင်မြင်ပါတယ်။ သိဖို့ရာ လိုအပ်တယ်လို့ပဲ ပြောတာမို့ ဒီအဖွဲ့အသင်းနဲ့ တူတူရှိနေသင့်တယ်လို့ ဆိုလိုတာ မဟုတ်ရပါ။ အဖွဲ့အသင်းနဲ့ ရှိနေခြင်း မရှိနေခြင်းက တစ်ဦးတစ်ယောက်ချင်းစီနဲ့သာ သက်ဆိုင်တာမို့ ကောင်း၏ မကောင်း၏ မှတ်ချက်မပေးလိုပါဘူး။

စာရေးသူရဲ့ ဘဝတစ်လျှောက်မှာ မတူညီတဲ့ အသိုင်းအဝိုင်းနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ တွေ့ထိ ဆက်ဆံရတဲ့အခါမှာ ရခဲ့တဲ့ သင်ခန်းစာ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကမ္ဘာပေါ်မှာ အထက်တန်း အကျဆုံး ယဥ်ကျေးမှု ဓလေ့ထုံးစံဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ ယဥ်ကျေးမှု ဓလေ့ထုံးစံတွေကို ပေတံတစ်ခုတည်းနဲ့ တိုင်းတာလို့ မရလို့ပါ။ ယဥ်ကျေးမှုတွေဟာ ကာလ အပိုင်းအခြားတစ်ခုအပေါ်မှာ မူတည်ပြီး တစ်ခုနဲ့တစ်ခု လွှမ်းမိုးတတ်ကြတာ ဓမ္မတာပဲမို့ လက်ရှိမှာ လွှမ်းမိုးနေတဲ့ ယဥ်ကျေးမှုကို အထက်တန်းအကျဆုံးလို့ ထင်ယောင်ထင်မှား ဖြစ်ဖို့ရာ လွယ်ပါတယ်။ ဥပမာ ကိုလိုနီခေတ်မှာ ဇွန်း ခရင်းနဲ့ စားမှ ဗိုလ်ဆန်တယ်လို့ ထင်မြင်ခြင်းဟာ ယဥ်ကျေးမှု လွှမ်းမိုးလာခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။ ခုလက်ရှိမှာ ဇွန်း ခရင်းဆိုတာက ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးတဲ့ ဓလေ့တစ်ခု ဖြစ်နေပြီမို့ သတ်မှတ်ချက်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒီလိုဖြစ်လာတဲ့အခါ ဒီသတ်မှတ်ချက်ဘောင်ထဲ မဝင်တဲ့ ဓလေ့ထုံးစံတွေကို နှိမ့်ကျတယ်လို့ မြင်ခြင်းဟာ သမာသမတ်ကျတဲ့ ကောက်ချက်ချခြင်းလို့ စာရေးသူအနေနဲ့ မခံယူနိုင်ပါ။

 အလားတူစွာပဲ မိမိကြီးပြင်းလာတဲ့ ယဥ်ကျေးမှုကမှ အကောင်းဆုံး အထက်တန်း အကျဆုံးလို့လည်း မခံယူပါဘူး။ လက်တွေ့ အတွေ့အကြုံတွေနဲ့ သိမြင်လာတဲ့ အသိတရားတွေကြောင့်မို့လည်း လက်ရှိကာလမှာ ခံယူထားကြတဲ့ အထက်တန်းအကျဆုံး ယဥ်ကျေးမှုကို မကျင့်သုံးတဲ့ လူမျိုးစုကနေ ဆင်းသက်လာတဲ့ အတွက်လည်း သိမ်ငယ်စိတ် မဖြစ်‌တော့ပါ။ ဒီလို စိတ်သဘောထား ထားတတ်လာဖို့အတွက်တော့ အချိန်တစ်ခုတော့ ယူခဲ့ရပါတယ်။ ဘာလို့ဆို ငယ်ရွယ်စဥ်ကာလမှာ အထက်တန်းကျတယ်လို့ ယူဆခဲ့တဲ့ ယဥ်‌ကျေးမှု ဓလေ့ထုံးစံတွေထဲ ဝင်ဆန့်ဖို့ အရမ်းကြီးကို အသည်းအသန် ကြိုးစားခဲ့ဖူးသူတွေကို စာရင်းပြုစုမယ်ဆို စာရေးသူ ထိပ်ဆုံးက ပါပါလိမ့်မယ်။

အမေရိကားကို စ‌ရောက်ခါစက ဒီလို သိမ်ငယ်တဲ့ စိတ်ထားတွေကြောင့် ခရီးပေါက်သင့်သလောက် မပေါက်ခဲ့တဲ့ အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပါတယ်။ အလိုလိုနေရင်းနဲ့ကို Social Anxiety လို့ခေါ်တဲ့ လူကြောက်တဲ့ ရောဂါရပါတယ်။ ကိုယ်နဲ့ အသားအရောင်မတူတဲ့ လူထွားကြီးတွေကြားထဲမှာ ကိုယ်က အလိုလိုနေရင်း ညှပ်နေတာနဲ့ကို အကြောက်တရားက သူဟာသူ ဝင်ပါတယ်။ ကျောင်းတွေ တက်တဲ့အခါဆိုလည်း သူတို့လောက် ငါ မတော် မသိ မတတ်ဘူးလို့ပဲ ထင်နေတာမို့ တစ်ခုခုဆို မှားနေမှန်းသိလည်း ဝင်မပြောခဲ့တဲ့ အတွေ့အကြုံတွေမှ မ‌မှတ်မိနိုင်လောက်အောင်ကို များပါတယ်။

နှစ်တွေကြာလာတော့မှ ဟာ ဒီကောင်တွေ လေပဲ ရှိတာ တကယ်လည်း မတတ် မသိပဲနဲ့ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ပြီး ယုံကြည်စိတ်တွေ ပြန်မွေးရပါတယ်။ ‌ရောက်ခါစက လူမျိုးရေးခွဲခြားတဲ့ အမူအယာတွေနဲ့ ဆက်ဆံခံရတဲ့အခါ သည်းခံပြီး မသိသလိုနေခဲ့ရတဲ့ အချိန်တွေ ခု ပြန်တွေးကြည့်တော့ ကိုယ့်ကိုကိုယ် ပြန်အားနာပြီး ပြန်တောင်းပန်ရပါတယ်။ ငါ သတ္တိမရှိခဲ့လို့ နင် စော်ကားခံခဲ့ရတာတွေ တောင်းပန်ပါတယ်နော်ဆိုပြီး။ သေချာပြန် စဥ်းစားကြည့်ရင် ကိုယ့်ကိုကိုယ် တောင်းပန်ပြီး ခွင့်လွှတ်တယ်ဆိုတာ နည်းနည်းတော့ ကြောင်စီစီနိုင်ပါတယ်။ ဒါပေမယ့် အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာတွေ၊ ချခဲ့တဲ့ ဆုံးဖြတ်ချက်အမှားတွေကို ကိုယ်ကိုယ်တိုင်ကမှ ခွင့်မလွှတ်ဘူးဆိုရင် ဘယ်သူကများ လာပြီး ခွင့်လွှတ်ပေးနိုင်မလဲ။




စာရေးသူရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ ငါဘယ်သူဆိုတာ သေချာသိသွားတဲ့အခါ ကိုယ့်ဘဝကို ကိုယ့်အတွက်ပဲ နေထိုင်တတ်လာပါတယ်။ မသိသေးခင်ကာလတွေမှာဆိုရင် ခေတ်ရေစီးကြောင်းနောက်ကို တကောက်ကောက်လိုက်နေတာနဲ့တင် လမ်းက ပျောက်နေတာမျိုးပါ။ ငါက ဘာကို လိုချင်တာ၊ ဘယ်လိုလူမျိုးဖြစ်ချင်တာ၊ ငါ့ဘဝရဲ့ ရည်မှန်းချက်က ဘာဆိုတာ သေသေချာချာသိနေခဲ့မယ်ဆိုရင် သူများ ဟေး ဆိုတိုင်း လိုက် ဟေး စရာမလိုပဲ ကိုယ့်ရှိတဲ့ အရည်အချင်းကို နေရာမှန် လူမှန်ဖြစ်အောင် ကြိုးစားနေမိမှာပါ။ တကယ်လို့များ အချိန်တွေ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် ခေတ်ရေစီးကြောင်းနောက်လိုက်ပြီး စိတ်ဓာတ်ကျနေခဲ့ဖူးတဲ့ ၂၀ နှစ်သား ကိုယ့်ကိုယ်ကို ဒီအကြောင်းတွေ ပြန်သွားပြီး ပြောပြခွင့် ရချင်မိတယ်။ သူတပါးရဲ့ အထင်ကြီးတာ (external validation) ရဖို့အတွက် မိုက်မိုက်မဲမဲ ရူးသွပ်ခဲ့ဖူးတဲ့အချိန်တွေနဲ့ သုံးခဲ့တဲ့ ကာယ ဥာဏ အင်အားတွေကို နှမျောမိတာ အမှန်ပဲ။ ကြီးပြင်းရင့်ကျက်ခြင်းဆိုတာမှာ အတိတ်က ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့ သင်ယူရခြင်းက အခက်ခဲဆုံးပဲ ထင်ပါရဲ့။

ဆယ်စုနှစ် သုံးခုစာ ဒီကမ္ဘာကြီးပေါ်မှာ အသက်ရှင် နေထိုင်ခဲ့ပြီးတဲ့နောက်တော့ ခု လက်ရှိ ကိုယ့်ကိုကိုယ် ကျေနပ်အားရပါတယ်။ ကိုယ် ရည်ရွယ်ထားသလောက် ခရီး မပေါက်သေးပေမယ့် လက်ရှိ ရလာဒ်တွေကို မဆိုးဘူးလို့ ခံယူတတ်နေပါပြီ။ ကျန်နေသေးတဲ့ ဘဝခရီးကိုတော့ အမှားတွေ နည်းနိုင်သလောက် အနည်းဆုံးနဲ့ နေဝင်ချိန်ကို သက်တောင့် သက်သာနဲ့ ဖြတ်သန်းနိုင်ဖို့ပဲ ရည်ရွယ်ပြီး လက်ရှိ နေ့စွဲတွေကို ကိုယ်သိသလောက် တတ်သလောက်နဲ့ သင်ယူစရာတွေ ရှိတာသင်ယူရင်း ဘဝကို အကောင်းဆုံး ဖြတ်သန်းနေပါတယ်။  

 

 

ဆက်ရန်

·        အပိုင်း ( ) ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ (What triggers me?)

 

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...