Skip to main content

အိမ်အပြန်ခရီး(မြန်မာပြည် ခရီးစဉ်)

စွတ်စိုပူနွေးနေသည့် လေပူလှိုင်းတချို့ ကျနော့်ပါးပေါ် ရိုက်ခတ်လိုက်သည့် စက္ကန့်ပိုင်းအတွင်း အိမ်ပြန်ရောက်ပြီ ဟူသော အတွေးက ကျနော့်အသိစိတ်ကို နှိုးဆွပေးလိုက်သည်၊၊ အိမ်မပြန်ဖြစ်ခဲ့သည့် ကာလအတွင်း အရာရာသည် ပြောင်းလဲနေခဲ့မလား ကျနော်စိုးရွံ့နေခဲ့မိသည်၊၊ ပွင့်ပွင့်လင်းလင်း ပြောရပါလျှင် ကျနော်သည် မိမိကိုယ်ကို ဧည့်သည်တစ်ယောက်လို ခံစားမိနေသည်၊၊ ဘေးပတ်ဝန်းကျင်မှ ကြားနေရသော မြန်မာ၊ဗမာ စကား အပြန်အလှန် ပြောနေသံများသည် ကျနော့်အတွက် ရုတ်တရက်တော့ ကြောင်အမ်းအမ်းဖြစ်စေသည်၊၊ သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် ကျနော် အသားကျသွားခဲ့ပါသည်၊၊  ဒီမြေသည် ကျနော်မွေးဖွား ကြီးပြင်းခဲ့ရာ ဇာတိမြေ မဟုတ်ပါလား၊၊

ဒီခရီးစဉ် ဖြစ်မြောက်ရေးအတွက် အချိန်တွေ အများကြီး ယူခဲ့ပြီး စီစဉ်ခဲ့ရသည်၊၊ စိုးရိမ်ခဲ့ရသည်၊၊ ခုတော့ ဒီမြေပေါ်မှာ ရပ်နေခြင်းသည် အိပ်မက်တစ်ခု မဟုတ်တော့၊၊ ကျနော် တကယ်ပင် အိမ်ကို ပြန်ရောက်ခဲ့လေပြီ၊၊ ဒေါ်လေးနှင့် ဦးလေးကတော့ ဟိုးအရင်ချိန်တုန်းကအတိုင်း မပြောင်းမလဲ၊၊ ဖေဖေကတော့ တော်တော်လေး အိုစာသွားခဲ့ပြီ၊၊ အဖေ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်၊၊ လောကဓံတိုက်ခတ်မှုက တော်တော်လေးပြင်းထန်သည်၊၊ အဖေသည် စိတ်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာကို ပြင်းပြင်းထန်ထန်ခံစားနေရကြောင်း ပေါ်လွင်လှသည်၊၊ ကျနော် ပြန်ရောက်လာသည့်အတွက် အဖေ အတော်လေးပျော်နေမှန်း သိသာသည်၊၊ စာဖတ်ဝါသနာကြီးလွန်းသည့် အဖေသည် ဟိုးအရင်ကလို စာအုပ်ကိုင်နေမြဲပင်၊၊ အဖေနှင့် အဆက်အသွယ် အကြာကြီး ပြတ်သွားခဲ့ဖူးသည်၊၊ ယခုတော့ ကျနော် အဖေ့ကို ပုံမှန် ဖုန်းခေါ်ပါတော့မည်၊၊

ကျနော် မမှတ်မိနိူင်လောက်အောင် ပြောင်းလဲသွားသူများကတော့ ညီမတော်များ ဖြစ်သည်၊၊ မြီးကောင်ပေါက် ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသူများ အဖြစ် အရွယ်ရောက်ကာ အစွမ်းကုန် ပွင့်အာနေသော ပန်းကလေးများနှင့် တူနေချေပြီ၊၊ အငယ်ဆုံးလေးကတော့ ယခုမှ ဆယ်တန်းဖြစ်ရာ ကျနော့်ကဲ့သို့ ခေါင်းမာလှသော၊ စာကို စိတ်ပါမှ ကျက်သော ကောင်မလေး ဖြစ်သည်၊၊ သူတို့တွေ အတောင်စုံ၍ ပျံထွက်သွားမည့် တစ်နေ့အား ကျနော် ကြိုတွေး၍ ရင်မောရပါသည်၊၊ဘဝရထားကြီးကား ရပ်တန့်၍မသွားပဲ ခုတ်မောင်းနေမှာဖြစ်ရာ ကျနော်တို့ အမိဝမ်း တစ်ခုတည်းမှ အတူတကွ ဆင်းသက်လာသော်လည်း အချိန်သင့်လျှင်တော့ မိမိနှင့်ဆိုင်ရာ ဘူတာများတွင် ဆင်းသက်ကြရမည် ဖြစ်သည်၊၊



ရန်ကုန်သည် ကျနော့်အတွက် သူစိမ်းဆန်လွန်းသည်၊၊ ကျနော်သည် နယ်မှဖြစ်ရာ အလည်အပတ် သို့မဟုတ် ကိစ္စတစ်ခုခုရှိမှသာ ရန်ကုန်သို့ လာတတ်ရာ ထိုသို့ သူစိမ်းဆန်ခြင်းမှာ မထူးဆန်းဟု ထင်မိသည်၊၊  သူငယ်ချင်းများ၏ ကောင်းမှုကြောင့်သာ တချို့နေရာများသို့ ရောက်ဖြစ်ခဲ့သည်၊၊ ရန်ကုန်သည် ရန်ကုန်ဖြစ်သည်၊၊ ကားတွေ များလာသည်၊၊ လူတွေ များလာသည်၊၊ လူငယ်တွေ ဟိုးအရင်ကထက် ပိုပြီး ကြိုးစားနေကြသည်ဟု မြင်သည်၊၊ သူတို့၏  အနာဂတ်တွေ တောက်ပဖို့ ဆုတောင်းပေးမိသည်၊၊ ကြိုးစားမှုများသည်  အသီးအပွင့်ဖြစ်လာမည့် တစ်နေ့တော့ သူတို့အတွက် ရှိလာပါလိမ့်မည်၊၊

လှည်းတန်းကို မကြာခဏ ရောက်ဖြစ်သည်၊၊ သူငယ်ချင်းက လှည်းတန်း စိန်ဂေဟာတစ်ဝိုက်တွင် နေထိုင်သည်၊၊ အကြိုက်ဆုံးအစားအစာ ပြောရလျှင် ဝက်သားတုတ်ထိုးဖြစ်သည်၊၊ နောက်တစ်ခုက ပလတ်စတစ် အပျော့ဗူးလေးနှင့် ရောင်းသော ဒိန်ချဉ်ဗူးလေး ဖြစ်သည်၊၊ ၄၅၀ ကျပ် ပေးရသည်၊၊ မလေးရှား ဒန်ပေါက်လည်း စားလို့ကောင်းသည်၊၊ လမ်းဘေးဆိုင်များတွင် စားလေ့စားထမရှိသော်လည်း အမှတ်တရ အဖြစ် ထိုင်စားခဲ့သည့်အချိန်များ ရှိခဲ့သည်၊၊  မစားရသည့်အကြောင်းမှာ ဝမ်းပျက်မှာကြောက်သောကြောင့် ဖြစ်သည်၊၊

Espresso နှင့် မုန့်ဟင်းခါး


ဒီခရီးစဉ်မှာ ပုဂံပါသည်၊၊ မြန်မာပြည်သားတစ်ယောက်ဖြစ်သော ကျနော်သည် မွေးကတည်းက ပုဂံကို မရောက်ဖူးသေး၊၊ ထို့အတွက် သူငယ်ချင်းနှစ်ယောက်နှင့်အတူ ပုဂံသို့ အလည်ခရီးတို ထွက်ဖြစ်သည်၊၊ ပုဂံသည် ရင်သပ်ရှုမောဖွယ် အလှတရားများ ပိုင်ဆိုင်ထားသော မိန်းမပျိုနှင့်တူသည်၊၊ နှစ်တွေထောင်ချီခဲ့ပေမယ့် သူမသည် လန်းဆန်းနုပျိုဆဲပင် ဖြစ်သည်၊၊ မြင်းရထားမောင်းသူက တပြိုင်နက်တည်း သမိုင်းကြောင်းများကို ရှင်းပြရာ ရှေးယခင်က စည်ကားနေခဲ့မည့် ပုဂံပြည်ကြီးကို မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်ယောင်ကြည့်သည်၊၊ ရှေးယခင်လူများ၏ သဓ္ဓါတရား ထက်သန်မှုကို လေးစားမိသည်၊၊









 အညာ၏ အိုအေစစ် "ပုပ္ပါး" တောင်တော်သို့ ရောက်ခဲ့သေးသည်၊၊ ပူခြစ်နေသော ပုဂံနှင့် ခြားနားစွာ ပုပ္ပါးသည် ရင်အေးစရာ နားခိုရာ အိုအေစစ်ဖြစ်သည်၊၊ ပုပ္ပါးမယ်တော်၏ ဘဝဇာတ်ကြောင်းကို ကြည့်ရှုခွင့်ရခဲ့သည်၊၊ ဗျတ္တ၏ ပန်းဆက်ရာလမ်းကို ကြည့်ပြီး ဟိုးယခင်က မြင်းကြီးနှင့် ဗလကောင်းကောင်း ထိုးကွင်းအပြည့်နှင့် ရှေးမြန်မာ ယောကျင်္ားကြီးကို မြင်လာသည်၊၊ ဒီတောင်ပေါ်တွင် ဘာကြောင့်များ အထီးကျန်စွာ နေထိုင်ရသည့်အကြောင်းအား စဉ်းစားမရ၊၊ အနီးအနားတွင် ရွာငယ်လေးများနှင့် ပုဂံပြည်ကြီး ရှိနေသည်၊၊ ထိုနေရာများတွင် မနေပဲ တောင်ပေါ်တွင် လာရောက်နေထိုင်ခြင်းကား စိတ်ဝင်စားစရာကောင်းလှသည်၊၊ နောက်ခံသမိုင်း စာအုပ်အား ရှာဖတ်ကြည့်ပါအုံးမည်၊၊






ပြင်ဦးလွင်ရောက်သည်၊၊ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှ၊၊ သို့သော် တစ်ဘဝလုံးစာအတွက် အနာဂတ်ကို ထိုမြို့လေးအရောက် ပိုင်နိူင်စွာ ပုံဖော်ခွင့်ရခဲ့သည်၊၊ ဒီအနာဂတ်သည် ကျနော့်အတွက် မျှော်လင့်ခြင်းဖြစ်သည်၊၊ ဘဝမှာ ရုန်းကန်ကြိုးစားရန်အတွက် ခွန်အားလည်းဖြစ်သည်၊၊ ထိုနေ့ရက်များအတွက် သက်ဆိုင်သူများအား ကျေးဇူးတင်သည်၊၊





မိုးအုံ့နေသော ညနေခင်းမှ အိုမင်းနေသော ဦးပိန်
အခက်အခဲဆုံးအချိန်သည် ကျနော်နှင့်သက်ဆိုင်သော နေရာသို့ ပြန်လာခဲ့ရခြင်းဖြစ်သည်၊၊ မျက်ရည်များ ဒလဟော ဆည်ပျက်သကဲ့သို့ ရှိုက်ကြီးတငင် လမ်းတလျှောက် ကျနော် ငိုခဲ့ရသည်၊၊ ဘာမှဖြစ်မလာနိူင်မှန်းသိသော်လည်း ကျနော်ငိုခဲ့မိသည်၊၊ အိပ်မက်များနောက်သို့ ပြေးလိုက်နေရသည့် ဒီဘဝထက် အမိမြေတွင်သာ အေးအေးလူလူ ရှိသမျှနှင့် တင်းတိမ်ရောင့်ရဲလိုက်ချင်သည်၊၊ သို့သော် ကျနော် ဆက်လက် ကြိုးစားရပါအုံးမည်၊၊











Comments

Anonymous said…
ဒီစာကိုဖတ်မှ...အိမ်ပို လွမ်းနေမိတယ်... ဖတ်ပြီး တား ဖတ်တာတောင်... လွမ်းရစဲ

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...