Skip to main content

အရေးကြီးဆုံး သင်ခန်းစာ

သမီးမူလတန်းတက်နေတဲ့ နှစ်တွေမှာ သမီးရဲ့ မေမေကို သူငယ်ချင်းတွေရဲ့ မေမေတွေနဲ့ စပြီးတော့ နှိုင်းယှဉ်တတ်လာခဲ့တယ်၊၊ အထူးသဖြင့်ကတော့ သမီးရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ဖနီ ရဲ့မေမေနဲ့ သမီးရဲ့မေမေကို ခဏခဏ နှိုင်းယှဉ်ကြည့်မိတာပါပဲ၊၊

တစ်ဖနီ ကျောင်းကိုလာတဲ့အခါတိုင်း နောက်ဆုံးပေါ် အကျႌ ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ အကောင်းဆုံးမိတ်ကပ်တွေ အမြဲတမ်းလိမ်းလာတတ်ပါတယ်၊၊ သူ့ရဲ့ ဆံပင်ပုံစံတွေကလဲ တစ်နေ့တစ်မျိုး မရိုးရလောက်အောင်ပါပဲ၊၊ သူမရဲ့ တစ်ပတ်တာ ကုန်ကျစရိတ်ဟာ ကျူးဘားမှာရှိတဲ့ မိသားစုတစ်စုကို တစ်နှစ်စာလောက် ကျွေးထားနိူင်ပါတယ်၊၊ ပြီးတော့ သူမဆီမှာရှိတဲ့ လက်ဝတ်ရတနာတွေကလဲ သမီးတို့ အိမ်နောက်ဖေးမှာပေါက်နေတဲ့ မြက်ပင်တွေထက်တောင် ပိုများပါသေးတယ်၊၊ သူမဟာ ဝတ်တဲ့ဝတ်စုံနဲ့ ဖိနပ်ဆင်တူ စီးတတ်သလို ပိုက်ဆံအိပ်သေးသေးလေးတွေကိုလဲ အဝတ်အစားနဲ့လိုက်အောင် အမြဲတမ်း ဆင်ယင်တတ်ပါတယ်၊၊ ကျောင်းမှာဆိုရင်လည်း သူမနောက်မှာ ဝတ်ကောင်းစားလှတွေနဲ့လူတစ်အုပ်ကြီးကို အမြဲတွေ့ရလေ့ရှိသလို ကျောင်းသား ကျောင်းသူတွေကြားမှာ သိပ်ပြီး ပေါ်ပြူလာဖြစ်တဲ့ တစ်ဖနီပါ၊၊


ပြီးတော့ တစ်ဖနီရဲ့မေမေဟာ သူမကို ရော့ခ်ဂီတပွဲတွေ သွားခွင့်ပြုထားပါတယ်၊၊ ကောင်လေးတွေနဲ့ချည်းပဲလဲ အပြင်သွားလျှောက်လည်ခွင့် ပေးထားပါသေးတယ်၊၊ ပြီးတော့ သူငယ်ချင်းတွေနဲ့ ညအိပ်ဖို့လဲ ခွင့်ပြုပြန်တယ်၊၊ အဲဒီသုံးခုက သမီးမေမေ သမီးကို ဘယ်တော့မှ ခွင့်မပြုမယ့်အရာတွေပေါ့၊၊ တစ်ဖနီရဲ့မေမေက တစ်ဖနီဘာပဲလုပ်လုပ် ငွေကြေးနဲ့ပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ အချိန်မှာ သမီးမေမေကတော့ သမီးရဲ့ အမှတ်တွေကောင်းဖို့ ပြီးတော့ အိပ်ရာဘယ်လိုသိမ်းရမယ်ဆိုတာတွေပဲ ဂရုစိုက်နေပါတယ်၊၊ တစ်ဖနီနဲ့ အတူတူ ကုန်တိုက်သွားဖြစ်တဲ့အခါတိုင်း သူမက ဒေါ်လာ ၁၀၀ လောက်ကိုဂရုမစိုက်ပဲ သုံးလိုက်တဲ့အခါမှာ သမီးကတော့ လက်ထဲမှာ အကြွေစေ့တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ရတယ်၊၊

သမီးလိုချင်တာတွေ မရတဲ့အခါတိုင်း တစ်ဖနီရဲ့မေမေဟာ သမီးရဲ့မေမေဖြစ်လိုက်ရင် ဘယ်လောက်များကောင်းလိုက်မလဲလို့ အမြဲတမ်း ညည်းတွားမိတယ်၊၊ အဲဒီလို ပြောလိုက်တိုင်း မေမေကတော့ “ သနားစရာကောင်းလိုက်တဲ့ တစ်ဖနီ“ လို့ အမြဲပြောတယ်၊၊

“မေမေ တစ်ဖနီ ဒေါ်လာ ၂၀၀ တန်တဲ့ ဝတ်စုံဝယ်လိုက်ပြီ“
“သနားစရာကောင်းလိုက်တဲ့ တစ်ဖနီ“
“ မေမေ တစ်ဖနီက သူ့အိပ်ခန်းကို အလှဆင်ဖို့ ဒီဇိုင်နာတစ်ယောက် ငှားလိုက်ပြီ“
“သနားစရာကောင်းလိုက်တဲ့ တစ်ဖနီ“

“မေမေ တစ်ဖနီက သူ့အိပ်ခန်းထဲမှာ တီဗီအကြီးကြီးနဲ့ ရုပ်ရှင်အသံလွှင့်တဲ့ စနစ်တပ်ထားပြီ“
“သနားစရာကောင်းလိုက်တဲ့ တစ်ဖနီ“

သမီးရဲ့ မေမေ့ကို သမီး တကယ်နားမလည်နိူင်တော့ပါဘူး၊၊ တကယ်တော့ မေမေ သနားရမယ့်သူက တစ်ဖနီ မဟုတ်ပဲ သမီးဖြစ်ရမှာ၊၊ တစ်ဖနီက လိုတာရနေတဲ့ချိန်မှာ
ဘာမှမရှိတဲ့ သမီးကို မေမေက သနားရမှာ၊၊ ခုတော့ ပြောင်းပြန်၊၊ မေမေက တစ်ဖနီကို သနားနေတယ်၊၊ သမီး နားမလည်နိူင်တော့ဘူး၊၊

တစ်ဖနီကို သနားစရာကောင်းလိုက်တာလို့ မေမေအမြဲတမ်းပြောနေတာ သမီးသည်းမခံနိူင်တော့တဲ့နေ့မှာ မေမေ့ကို သမီးပြန်ပြောလိုက်ပါတယ်၊၊
“ မေမေက တစ်ဖနီကို သနားစရာကောင်းလိုက်တာလို့ပြောတယ် တကယ်တော့ သူက ကံကောင်းတာပါ မေမေ ဒီလောကကြီးမှာ သူမရနိူင်တာ မရှိဘူး အဲဒါကို မေမေက သူ့ကို သနားနေတယ် သမီးနားမလည်နိူင်တော့ဘူး“
အဲဒီစကားတွေကို ရှိုက်ကြီးတငင်ငိုရင်းနဲ့ မေမေ့ကို ပြောပစ်လိုက်တယ်၊၊

သမီးငိုနေတဲ့နားကို မေမေဖြည်းဖြည်းလေးလာထိုင်ပြီး တိုးတိုးလေး စကားပြောတယ်၊၊
“ မေမေ တကယ်ပဲ တစ်ဖနီအတွက် ဝမ်းနည်းတယ် သမီးလေး ဘာကြောင့်လဲဆိုတော့ သမီးသင်ကြားလေ့လာနေတဲ့ သင်ခန်းစာကို တစ်ဖနီက ဘယ်တော့မှ သင်ကြားဖို့ အခွင့်အရေးရှိမှာ မဟုတ်လို့ပဲ“

သမီးငိုနေရင်းနဲ့ တချက်ရှိုက်လိုက်ပြီး “ မေမေ ဘာတွေပြောနေတာလဲ“ လို့မေးလိုက်တယ်၊၊
ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ မေမေလေ သမီးကို ကြည့်ရင်းပြောတယ်၊၊

“ သမီး တစ်နေ့ကျရင် တစ်ဖနီဟာ အရာတစ်ခုကို အရမ်းကိုလိုချင်လာလိမ့်မယ် ဒါပေမယ့် အဲဒါကို သူမရနိူင်ဘူးဆိုတာ သူသဘောပေါက်လာလိမ့်မယ် ဘဝဆိုတာ အမြဲတမ်း မပြောင်းလဲပဲ ရှိမနေနိူင်ဘူး သမီး… တစ်ဖနီရဲ့ မေမေဟာ တစ်ဖနီနားမှာ သူလိုသမျှအမြဲတမ်း ဝယ်ပေးဖို့ အမြဲရှိမနေနိူင်ဘူး....ပြီးတော့ငွေဆိုတာ အရာတိုင်းကို ဝယ်လို့မရနိူင်ဘူး....မေမေ့ရဲ့ ဒီသမီးလေးကို ရှိသမျှငွေတွေ အကုန်မသုံးဖြစ်ဖို့ ဆုံးမမဲ့ မေမေရှိတယ်.. ဒီတော့ သမီးလေးက ငွေကို ဘယ်လိုချွေတာသုံးစွဲရမယ်ဆိုတာ နားလည်လာမယ် တစ်ဖနီကတော့ နားလည်မှာ မဟုတ်ဘူး….ကိုယ်လိုချင်တဲ့အရာအတွက် အလုပ်ကြိုးစားပြီး  ရယူရမယ်ဆိုတာ သမီးလေးကတော့ သဘောပေါက်မယ် ဒါပေမယ့် တစ်ဖနီကတော့ သဘောပေါက်မှာ မဟုတ်ဘူး…..တစ်ဖနီကြီးလာတဲ့ တစ်နေ့ အိပ်ရာကနိုးလာတဲ့အခါ သူ့မေမေရဲ့ ငွေတွေ အားလုံးသုံးလို့ကုန်သွားတဲ့အချိန်ကျရင် သူ့ဆီမှာ သမီးရဲ့မေမေလိုမျိုး မေမေရှိခဲ့ရင် ကောင်းမယ်လို့ တွေးမိလာလိမ့်မယ်.....ဘဝရဲ့ သင်ခန်းစာတွေ မျှော်လင့်ချက်တွေဆိုတာ ရော့ခ်ဂီတပွဲတွေ နာမည်ကြီးအဝတ်အစားတွေထက်ပိုပြီး တန်ဖိုးရှိတယ် သမီး“

သမီးနားလည်လိုက်ပါပြီ၊၊ အချိန်တွေယူခဲ့ရပေမယ့် နောက်ဆုံးတော့ မေမေ့ရဲ့ သင်ခန်းစာကို တကယ်ပဲနားလည်လိုက်ပါပြီ၊၊ တစ်နေ့ကျရင် သမီးဟာ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်နိူင်တဲ့ အမျိုးသမီးအဖြစ် ဂုဏ်ယူရမယ်ဆိုတာ မြင်ယောင်မိပါတယ်၊၊ အဲဒီအခါကျရင် ကိုယ့်ကိုယ်ကို ဘယ်လိုစောင့်ရှောက်ရမှန်းမသိတဲ့လူတွေကို သနားမိမှာပါ၊၊
“ သနားစရာကောင်းလိုက်တဲ့ တစ်ဖနီရယ်“


The most important lesson ကို နားလည်သလို ဘာသာပြန်ပါသည်၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...