Skip to main content

အဖေ

အိမ်ခေါင်မိုး သွတ်ပြားပေါ်က စည်းချက်ညီနေတဲ့ မိုးရေကျသံ တဖျောက်ဖျောက်နဲ့အတူ စောင်လေးခြုံပြီး အိပ်ရာထဲမှာ ဇိမ်ယူနေတဲ့ ကျနော် ကိုယ့်ဘဝကို ဘယ်လောက်ကံကောင်းတယ်ဆိုတာ အဲဒီတုန်းက မသိခဲ့ဘူး၊၊
    ပူပင်စရာတွေ သိပ်မရှိခဲ့တဲ့ကျနော် ကျောင်းနဲ့ စာကလွဲလို့ ဘာကိုမှလဲ စိတ်မဝင်စားခဲ့ပါဘူး၊၊ “စာ“ ဆိုတာ ကျနော့်အိပ်မက်မျှော်လင့်ချက်တွေရဲ့ အုတ်မြစ်လဲ ဖြစ်ခဲ့သလို အရမ်းကို ရူးသွပ်ခဲ့ရတဲ့ ဒြပ်ဝတ္ထုတစ်ခုလဲ ဖြစ်ခဲ့တယ်၊၊

    လမ်းပေါ်မှာ ကျနေတဲ့ စက္ကူအပိုင်းအစလေးတောင် အလွတ်မပေး ကောက်ဖတ်ခဲ့တဲ့ ကျနော် အဖေ့ရဲ့ အချစ်ဆုံးဖြစ်ခဲ့တာ မထူးဆန်းခဲ့ပါဘူး၊၊ ဖေဖေပြောပြခဲ့ဖူးတဲ့ စာတိုငညို ခေါ် ဝန်ဇင်းမင်းရာဇာ ဟာ သမိုင်းထဲက ပညာရှိတစ်ပါးအဖြစ် ဂုဏ်သတင်းကြီးခဲ့သလို ကျနော့်ရင်ထဲက အားကျခဲ့ရတဲ့ သူရဲကောင်းလဲ ဖြစ်ခဲ့ပါတယ်၊၊ ဘုရင်မေးတဲ့မေးခွန်းတွေကို ရင်ကော့ပြီး ဖြေနေမယ့် ဝန်ဇင်းမင်းရာဇာကို စိတ်ကူးထဲမှာ မြင်ယောင်ပြီး လေးစားခဲ့ဖူးတယ်၊၊
    မိသားစုစီးပွားရေးအတွက် နာမည်ကျော် ကျောက်တွင်းမှော်ထဲမှာ ဆေးဆိုင်လေးဖွင့်လို့ ရုန်းကန်ခဲ့ရပေမယ့် သားသမီးတွေကို အကောင်းဆုံးဆိုတဲ့ ကျောင်းမျိုးမှာ ထားခဲ့တဲ့ ဖေဖေရဲ့ အမျှော်အမြင်ကြီးမှုကို လေးစားမိတယ်၊၊ “ ကိုယ်လုပ်သမျှ သူများကို တုပလို့ လုပ်မိတာမျိုး မဖြစ်စေနဲ့“ ဆိုတဲ့ ဖေဖေရဲ့ဆုံးမစကားကို ဒီကနေ့အထိ နားထဲမှာစွဲခဲ့တယ်၊၊ ခုချိန်မှာ သူများမလျှောက်တဲ့လမ်းကို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရွေးလို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်နေခဲ့တဲ့ အဖေ့ရဲ့ ရင်သွေးကို အဖေဘာတွေများ ပြောချင်နေမလဲ?
    တစ်နှစ်ကို နှစ်ခေါက်လောက်သာ အိမ်ပြန်နိူင်တဲ့ အဖေ အိမ်တံခါးဝရောက်တာနဲ့ မေးတဲ့မေးခွန်းက “ခုဘာစာအုပ်တွေများ ဖတ်နေလ“ဲ ဆိုတာပါပဲ၊၊ သူဝယ်ပေးတဲ့ စာအုပ်တွေ ဖတ်ပြီးပြီလို့ ပြောမိလို့ကတော့ စီးပွားရေးကိစ္စအသာထားလို့ သားအဖနှစ်ယောက် ချီတက်ဖြစ်တာက စာအုပ်ဆိုင်၊၊  အဖေစာအုပ်ဆိုင်ရောက်တာနဲ့ ဆိုင်ပိုင်ရှင်က ဝမ်းပန်းတသာ ကြိုဆိုတယ်၊၊ ဒီလူကို  ရောင်းရမယ့်စာအုပ်မနည်းဘူးဆိုတာ သူကောင်းကောင်းသိထားတယ်လေ၊၊ မူလတန်းအချိန်တုန်းက “ရွှေသွေး“၊ “မိုးသောက်ပန်း“ ဂျာနယ်တို့က ကျနော့်ရဲ့ အသည်းစွဲတွေပေါ့၊၊ ပြီးနောက်တော့ မဂ္ဂဇင်းတွေ ၊၊ အများဆုံးဖတ်ဖြစ်ခဲ့တာက “နက္ခတရောင်ခြည်“ ၊၊ ဘာလို့လဲတော့ မသိပါဘူး၊၊ အမြဲလိုလိုဖတ်ဖြစ်ခဲ့တယ်၊၊
    မှတ်မှတ်ရရ ခုနစ်တန်းနှစ်မှာ အဖေဝယ်ပေးခဲ့တဲ့စာအုပ်က “ မိတ္တဗလဋ္ဌီကာ“ မြန်မာပြန်ဆိုထားတဲ့စာအုပ်ပါ၊၊ မူရင်း အင်္ဂလိပ်လိုတော့ အနည်းအကျဉ်းပဲ ဖတ်ဖူးပါတယ်၊၊ စာအုပ်ထဲက အကြောင်းတွေ သိပ်တော့နားမလည်ပေမယ့် လူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာတော့ နည်းနည်းသဘောပေါက်ခဲ့တယ်၊၊
    ဆယ်ကျော်သက်အရွယ်မှာ အချစ်ဝတ္ထ-ုတွေမကြိုက်တဲ့ ကျနော် စာရေးဆရာကြီး လင်းယုံမောင်မောင် ဘာသာပြန်တဲ့ စာအုပ်တွေကြားထဲမှာ ပျော်မွေ့လို့နေခဲ့တယ်၊၊ စာရေးဆရာ ဦးဖေမြင့်ရဲ့ “ မဖြစ်နိူင်ဘူးဆိုတာ သေချာပြီလား “ စာအုပ်လေးကတော့ ကျနော့်ဘဝရဲ့ လှံစိုက်တဲ့ကာလတွေမှာ အားဆေးတစ်ခွက်ဖြစ်ခဲ့တယ်၊၊
    တကယ်တော့ အဖေဟာ သူကိုယ်တိုင်ကပါ အားလပ်ချိန်တွေမှာ စာအုပ်ကို လက်ကမချတမ်း ဖတ်တဲ့လူတစ်ယောက်၊၊ ကျနော်စဉ်းစားဖူးတယ် အဖေဟာ အသက်ရှူနေတဲ့ စာကြည့်တိုက်များလားလို့၊၊ သားအဖတွေ ဧည့်ခန်းထဲမှာ ရှိနေလို့ကတော့ ဘာသံမှ မကြားရပဲ တိတ်ဆိတ်လို့၊၊ စာအုပ်ကိုယ်စီနဲ့ ခေါင်းမဖော်တမ်း၊၊ အမေက ထမင်းစားဖို့ အတင်းပဲ ခေါ်ရတာ၊၊ အဲဒီလောက်တောင် စာဖတ်ဝါသနာ တူခဲ့တယ်၊၊
    အဖေ ဆံပင်တွေဖြူလို့ မျက်မှန်တစ်လက်နဲ့ စာဖတ်တုန်း၊၊ အဖေ့မျိုးဆက် ကျနော်လဲ မျက်မှန်တစ်လက်နဲ့ စာတွေဖတ်နေရတုန်း၊၊ အရင်လောက်တော့ အပြင်စာတွေ ဖတ်ဖို့အချိန်မရတော့ဘူးဆိုတာ အဖေသိရင် ပြံုးများနေမလား၊၊
    စာအုပ်စာပေ ချစ်မြတ်နိုးအောင် အခြေခံက စပြီး အုတ်မြစ်ချပေးခဲ့တဲ့ အဖေ့ကို ဒီနေရာလေးကနေ ကျေးဇူးတင် ဂါဝရပြုလိုက်ပါတယ်၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...