Skip to main content

မျက်ရည်မကျပဲ ပြောမထွက်နိူင်တဲ့ စကားလေးတစ်ခွန်း

         အဲဒီနေ့ကိုပေါ့ ကျွန်မကောင်းကောင်းမှတ်မိနေခဲ့တာ၊၊ ဆောင်းတွင်းဝင်ခါစ၊ ရာသီဥတုကလည်း အချမ်းသိပ်မပိုသေးတဲ့ အချိန်၊ အနွေးထည်လက်ရှည် ပါးပါးလေးလောက်ဝတ်ရင်ပဲ အအေးဒဏ်ခံနိူင်လောက်တဲ့ အချိန်မှာပေါ့၊၊ ကျွန်မက အဲဒီချိန်မှာ သုံးတန်းကျောင်းသူလေးပေါ့၊၊ ကျောင်းကနေပြီး အိမ်ကိုပြန်လာတဲ့ချိန် မေမေ မီးဖိုချောင်ထဲမှာ ဖုန်းပြောနေတာကို ကြားခဲ့ရတယ်၊၊
   
    “ သမီး ပြန်လာပြီ ကျွန်မဖုန်းချမှဖြစ်မယ်“
ဖုန်းခွက်ကို အသာအယာချပြီး အပြုံးယဲ့ယဲ့နဲ့ မေမေပြံုးရင်း “ ကားစီးထွက်မလား သမီး“ “မေမေ သမီးကို ပြောပြစရာရှိတယ်“ တဲ့လေ၊၊

    ကျွန်မ ခေါင်းညိတ်လိုက်တယ်၊၊ မေမေပြောမယ့် အဲဒီတစ်စုံတစ်ခုဟာ ကောင်းမယ့်အရာတစ်ခုမဟုတ်ဘူးဆိုတာ ကျွန်မ ခံစားမိပေမယ့် ကျွန်မ နားကိုနားထောင်ရလိမ့်မယ်၊၊

   
     သီချင်းတိုးတိုးလေး ဖွင့်ရင်း ကားထဲမှာ တိတ်ဆိတ်စွာနဲ့ မေမေနဲ့ ကျွန်မ အတွေးကိုယ်စီ နှစ်နေခဲ့တယ်၊၊ ကျောင်းနားက ကားရပ်တဲ့ နေရာရောက်တော့ ကားကို အသာအယာထိုးရပ်လိုက်ပြီး မေမေက ခုလိုမေးပါတယ်၊၊

 “ ဘွားဘွား ဘာဖြစ်ခဲ့လဲ ဆိုတာ မှတ်မိလား“ တဲ့၊၊
“ကင်ဆာ ဖြစ်ခဲ့တယ်“ လို့ ကျွန်မဖြေခဲ့တယ်၊၊
“မေမေ ဒီမနက် ရေချိုးတော့ မေမေ့ရင်ဘတ်မှာ အလုံးလေးတစ်ခု စမ်းမိတယ် မေမေချက်ချင်းပဲ ဆရာဝန်ဆီ သွားခဲ့တယ်……” “ မေမေ့ ဆီမှာ ကင်ဆာရောဂါ ဖြစ်နေပြီ သမီးလေး“
 ဒီစကားတွေပြောရင်း မေမေ ချံုးပွဲငိုချပါတယ်၊၊

    ကျွန်မ  အရမ်းကိုငိုချင်နေပေမယ့် မငိုခဲ့ပါဘူး၊၊ မေမေ့ကို နှစ်သိမ့်ဖို့ ကျွန်မက မားမားမတ်မတ်ရပ်တည်နေရမယ်၊၊ အရာရာတိုင်း အဆင်ပြေသွားပါလိမ့်မယ်လို့ မေမေ့ကို  တဖွဖွပြောနေရင်းနဲ့ပဲ ကျွန်မစိတ်ထဲမှာ  တကယ်ပဲ အဆင်ပြေသွားမယ်လို့ ယုံကြည်ခဲ့တယ်၊၊

    အဲဒီနောက်ပိုင်းမှာတော့ မေမေ့ရဲ့ ကျန်းမာရေးက သိပ်ပြီးအခြေအနေမဆိုးခဲ့ပါဘူး၊၊ ဓါတ်ရောင်ခြည် ကုသမှုတွေ လုပ်နေရတဲ့ ကာလတွေမှာ နေ့တိုင်းလိုလို မေမေ အန်နေတတ်ပါတယ်၊၊ ပြီးတော့ ဆံပင်တွေလဲ ကျွတ်ကုန်ပါတယ်၊၊ ဒါပေမယ့် ဝမ်းသာစရာက ကင်ဆာလက္ခဏာတွေ ပျောက်သွားပါတယ်၊၊ ကျွန်မလဲ မေမေဆေးကုနေတဲ့ အချိန်တွေမှာပဲ လေးတန်းကို ရောက်လာပါတယ်၊၊

      ဒီလိုနဲ့ အရာရာအားလုံး ပျော်ရွှင်စရာကောင်းလာတဲ့ အချိန်၊ ကျွန်မ ငါးတန်းကို စတက်ရတဲ့ အချိန် ကျောင်းကနေ အိမ်ပြန်လာတော့ ဧည့်ခန်းထဲမှာ ရှိုက်ကြီးတငင်ငိုနေတဲ့ မေမေ့ကို အလန့်တကြား တွေ့ခဲ့တယ်၊၊

     ကျွန်မ ချက်ချင်းပဲ သိလိုက်ပါပြီ၊၊ မေမေ့ရဲ့ ကင်ဆာရောဂါ ပြန်ပေါ်လာပြီဆိုတာ၊၊
“ မေမေ ကင်ဆာပြန်ဖြစ်တာ ဟုတ်လား“ ကျွန်မ သိနေတဲ့ အဖြေတစ်ခုကို သေချာချင်စိတ်နဲ့ မေမေ့ကို မေးလိုက်တယ်၊၊

     ခေါင်းညိတ်လိုက်တဲ့ မေမေ့ကို ကြည့်ပြီး ကျွန်မ ရင်တွေကွဲမတတ် ငိုမိပါတယ်၊၊ မေမေ့ဆီ တဟုန်တည်းပြေးသွားလိုက်ပြီး ဘယ်သူ့ကိုမှမဖက်ဖူးတဲ့ တင်းကြပ်မှုတွေနဲ့ မေမေ့ကို ကျွန်မ ဖက်ထားမိလိုက်တယ်၊၊ ကင်ဆာဟာ ရင်သားကင်ဆာဖြစ်နေသေးပေမယ့် ခု အသည်းဆီကို ကူးစက်ပျံ့နှံ့သွားပြီဆိုတာ မေမေ ငိုရင်းနဲ့ပဲ ပြောပြပါတယ်၊၊

      အဲဒီနောက် ဓါတ်ရောင်ခြည်ကုသမှုတွေ မေမေပြန်လုပ်ရပါတယ်၊၊ အရင်လိုပဲ မေမေ့ရဲ့ ဆံပင်တွေ ကျွတ်ပြန်တယ်၊၊ မေမေ့ကို    တစ်လတစ်ခါ အထူးကုသမှုတွေ ခံယူဖို့ ချီကာကိုမြို့ကို ပို့ရတယ်၊၊

    ဒီလိုနဲ့ မေလထဲကို ရောက်လာတော့ မေမေ ဆေးရုံတက်ရပါတယ်၊၊ တစ်ပတ်ခွဲလောက်ပဲ ကြာပေမယ့် ဆေးရုံတက်နေတဲ့ အတောအတွင်းမှာ မေမေအရမ်းသက်သာလာပြီး အခြေအနေကောင်းလာပါတယ်၊၊       ဆရာဝန်တွေက မေမေ့ကို ဆေးရုံဆင်းခွင့်ပေးလိုက်တယ်၊၊ မေမေနေကောင်းလာလို့ ကျွန်မ အတိုင်းမသိဝမ်းသာခဲ့ရတယ်၊၊ ဒါပေမယ့် အဲဒီအပျော်တွေက ကြာကြာမခံလိုက်ပါဘူး၊၊ တစ်နေ့တော့ မေမေဟာ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားတဲ့ခါ အင်မတန်မှ နာကျင်လာပါတယ်၊၊ လှုပ်ရှားမှုတစ်ခု လုပ်တိုင်း   နာကျင်မှုမရှိပဲ မလုပ်နိူင်ခဲ့ပါဘူး၊၊

    နောက်ဆုံးတော့ အိပ်ရာထဲမှာ မေမေ ဘုန်းဘုန်းလဲပါတော့တယ်၊၊ စကားတစ်ခွန်းပြောဖို့အတွက် ဓားအစင်းတစ်ရာလောက် စိုက်ထားသလို မေမေ ခံစားနေခဲ့ရတယ်၊၊ မေမေ့ကို ဆုံးရှုံးရမယ်ဆိုတာ သေချာသိထားခဲ့တဲ့ ကျွန်မတို့ မိသားစု နောက်ဆုံးခရီးအတွက် အသင့်ပြင်ဆင်ထားခဲ့ပါပြီ၊၊

    တစ်မနက်ခင်းမှာ မေမေဟာ ခါတိုင်းအချိန်တွေထက် ပိုပြီးနာကျင်မှုတွေကို ခံစားနေရတယ်၊၊ ကျွန်မအကိုနဲ့ကျွန်မ မေမေ့နားမှာ သုံးနာရီလောက် ထိုင်နေတဲ့ ကာလတစ်လျှောက် မေမေ့လက်ကို မလွတ်တမ်း ကျွန်မ ကိုင်ထားမိပါတယ်၊၊ တဖြည်းဖြည်းနဲ့ မေမေ့ဆီက ဘာသံမှမကြားရတော့ပါဘူး၊၊ အကိုက မေမေ့ကို လာရောက်စစ်ဆေးပေးဖို့   ဆေးရုံကို ဖုန်းခေါ်ခဲ့တယ်၊၊

    တအောင့်လောက်ကြာတော့ သူနာပြုတစ်ယောက် ရောက်လာခဲ့ပြီး မေမေ သေဆုံးကြောင်း အတည်ပြုချက်ပေးပါတယ်၊၊ “ သူမ ဆုံးသွားပါပြီ စိတ်မကောင်းပါဘူး“

    ကျွန်မ ရီမိပါတယ် ဘာကြောင့်လဲဆိုတော့ မေမေဆုံးသွားတာကို ကျွန်မ လက်မခံနိူင်သလို ယုံလဲမယုံနိူင်ပါဘူး၊၊ ကျွန်မအသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်၊၊ အသက် ၁၁နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အမေဆုံးသွားတယ်ဆိုတာ ရုပ်ရှင်တွေထဲမှာပဲ ရှိပါတယ်၊၊ တကယ့်လက်တွေ့ဘဝမှာ ရှိတယ်ဆိုတာ ကျွန်မ မယုံနိူင်ခဲ့ပါဘူး၊၊ မေမေဆုံးမယ်ဆိုတာ ကျွန်မကြိုသိခဲ့ပေမယ့်   ဒါဟာ တကယ့်အဖြစ်အပျက်အမှန်ဆိုတာ ကျွန်မ  လက်မခံနိူင်ခဲ့ပါဘူး၊၊

    တချို့ရက်တွေမှာ ကျွန်မ နေလို့ထိုင်လို့ ကောင်းပါတယ်၊၊ တချို့ရက်တွေကျပြန်တော့ မေမေမရှိတော့ဘူးဆိုတာ ကျွန်မမယုံနိူင်ပါဘူး၊၊ အဲလိုမယုံကြည်မှုတွေ ခံစားရတဲ့နေ့တွေမှာ မေမေ့ကို ကျွန်မဘဝထဲ ပြန်လိုချင်တဲ့စိတ်တွေ တားမရဆီးမရဖြစ်ရပါတယ်၊၊ တခါတလေကျရင် စာဖတ်သူရဲ့ဘဝထဲမှာ မိဘတွေကြောင့် စိတ်ကျဉ်းကျပ်ရတဲ့ အချိန်တွေ ရှိခဲ့နိူင်ပါတယ်၊၊ မိဘတွေကြောင့် ကိုယ့်ဘဝကြီး နှိမ့်ကျနေသလိုမျိုးလဲ  ခံစားမိနိူင်ပါတယ်၊၊ ဒါပေမယ့် ကျွန်မပြောတာ ယုံပါ၊၊ မိတ်ဆွေရဲ့ဘဝထဲမှာ မိဘတွေမပါပဲ ခရီးဆက်ဖို့ သိပ်ခက်ခဲပါတယ်၊၊
    “ကင်ဆာ“
    အဲဒီစကားလုံးလေးကို မျက်ရည်တွေမပါပဲ ကျွန်မဘယ်တော့မှ မပြောနိူင်ခဲ့ပါဘူး၊၊ ကျွန်မအလှည့်ကျရင် ကျွန်မနာကျင်ခဲ့ရသလိုမျိုး ကျွန်မရဲ့ သားသမီးလေးတွေ ဘယ်  တော့မှ မခံစားရဖို့ ကျွန်မမျှော်လင့်ပါတယ်၊၊ လူတွေတော်တော်များများက ကင်ဆာရောဂါကို  တွန်းလှန်နိူင်ခဲ့ကြပေမယ့် ကျွန်မမေမေက ကံမကောင်းခဲ့ပါဘူး၊၊

Sammi Lupher,11

Cancer, the only word I can’t say  ကို နားလည်သလို ဘာသာပြန်ပါတယ်၊၊



   

Comments

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...