Skip to main content

Nick Vujicic (သို့) ကျနော်လေးစားရတဲ့သူ

ကျနော်တို့ လူသားတွေရဲ့ ဘဝတိုင်းဟာ ဒုက္ခပြဿနာတွေနဲ့အမြဲလိုလို ကြုံတွေ့ရတတ်တယ်၊၊ တချို့လူတွေက ပြဿနာတွေကို ကျော်လွှားသွားနိူင်ဖို့ နည်းလမ်းရှာကြသလို တချို့လူတွေကျပြန်တော့လည်း ဖြစ်လာသမျှကို အရှုံးပေး အညံ့ခံလိုက်တတ်ကြတယ်၊၊ တချို့လူတွေရဲ့ စိတ်ဓာတ်တွေကျပြန်တော့လည်း ကိုယ်ကိုတိုင်တောင် စဉ်းစားလို့မမှီနိူင်လောက်အောင် ကြံ့ခိုင်ကြတာကို တွေ့ရပြန်တယ်၊၊ ဘဝကို လုံးဝအရှုံးမပေးပဲ ကိုယ်စွမ်းသလောက် အစွမ်းအစတွေနဲ့ လောကကြီးကို အကျိုးပြုနေကြတဲ့ လူတွေ ဒီလောကကြီးထဲမှာ သိပ်များများစားစားမရှိခဲ့ပါဘူး၊၊၊ ကျနော်တို့ အထက်တန်းကျောင်းသားဘဝတုန်းက အင်္ဂလိပ်စာမှာသင်ခဲ့ရဖူးတဲ့ ဟယ်လင်ကဲလား လို အမျိုးသမီး၊ ဗစ်သိုဗင်လို ဂီတအနုပညာရှင်တွေ ကျနော်တို့ မမြင်ဖူးလိုက်ရပေမယ့် နာမည်ကျန်ရစ်ခဲ့တဲ့ လေးစားစရာကောင်းတဲ့ လူသားတွေပါ၊၊ ကျနော့်အတွက်ဆိုရင် လက်ရှိလောကကြီးထဲမှာတော့ Nick Vujicic လို စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူသားကို မြင်ရကြံုလိုက်ရတာ အရမ်းကို စိတ်ဓာတ်ခွန်အားရမိသလို ကံကောင်းတယ်လို့လဲ ခံယူမိပါတယ်၊၊

It's a lie to think you are not good enough


အဲဒီနေ့က ကျောင်းမှာ အရေးပေါ် Assembly ရှိလို့ဆိုပြီး ကျနော်တို့တွေ
Auditorium ထဲကို တန်းစီပြီးဝင်ရပါတယ်၊၊ စင်ပေါ်ကို တက်လာတဲ့ Nick ကို မြင်လိုက်ရတာနဲ့ ကျနော် စကားတောင်မပြောနိူင်တော့ပါဘူး၊၊ Nick ရဲ့ ဗီဒီယိုတွေကို Youtube မှာ ကြည့်ခဲ့ရဖူးပေမယ့် အပြင်မှာ တကယ်မရှိနိူင်ဘူးလို့ပဲ ထင်ခဲ့မိတာ တက်တက်စင်အောင်လွဲခဲ့ရပါတယ်၊၊


Australia နိူင်ငံဖွား Nick ဟာ မွေးရာပါ လက်နှစ်ဖက်မပါခဲ့ပဲ ခြေထောက်ဆိုလည်း သူ့အပြောအရ ကြက်ခြေထောက်လေးတစ်ချောင်းသာပါလာခဲ့ပါတယ်၊၊ သူဟာ ကမ္ဘာ အနှံ့လှည့်လည်ပြီး အထူးသဖြင့် လူငယ်တွေကို စိတ်ဓာတ်မြင့်တင်စေတဲ့ ဟောပြောပွဲတွေကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီး ခရစ်ယန် တရားဟော ဆရာတစ်ယောက်လဲ ဖြစ်ပါတယ်၊၊

၆လသားအရွယ်တုန်းက




Nick ငယ်ငယ်တုန်းကအဖြစ်အပျက်လေးတစ်ခုကို ခုလိုပြောပြခဲ့ပါတယ်၊၊ သူ့မေမေက  မီးဖိုချောင်မှာ ထမင်းဟင်းချက်နေတုန်း  Nick က မီးဖိုချောင်ထဲကို ဝင်လာပါတယ်၊၊ ဖြစ်ချင်တော့ ရေနွေးအိုးက ဆူနေပါတယ်၊၊ Nick ဝင်လာတာကို တွေ့တာနဲ့ သူ့မေမေက အလန့်တကြား " Nick အဲဒီရေနွေးအိုးကို သွားမကိုင်လိုက်နဲ့ " ဆိုပြီး ပြောခဲ့တယ်၊၊ လက်နှစ်ဖက်မရှိတဲ့ Nick က ဘယ်လိုမှ ရေနွေးအိုးကို မကိုင်နိူင်ပါဘူး၊၊ ဒါပေမယ့် မိခင်စိတ်ဇောနဲ့ သူ့အမေ အဲဒီစကားပြောခဲ့တာကို Nick က ရီရီမောမောနဲ့ ပြန်ပြောပြခဲ့ပါတယ်၊၊

မသန်မစွမ်းဖြစ်ပေမယ့် ရေကူးတတ်အောင် သင်ယူခဲ့တဲ့ Nick

ဖြစ်ချင်တာတစ်ခုအတွက် အကြိမ်ပေါင်းများစွာလေ့ကျင့်ကြိုးစားရမယ်ဆိုတာ Nick ကလက်တွေ့ပြသခဲ့ပါတယ်၊၊ သူကိုယ်ဖော့ပြီး ရေကူးတတ်ဖို့ လေ့ကျင့်ခဲ့ရတာတွေ ၊ လဲကျသွားရင် ပြန်ထဖို့ ကြိုးစားခဲ့ရတာတွေ အားနဲ့အင်နဲ့ ပြောပြသွားခဲ့ပါတယ်၊၊


 ခုအရင်တစ်ပတ်ကပဲ Nick ဟာ ဖူးစာရှင်ကို ရှာတွေ့သွားခဲ့ပါပြီ၊၊ သူမအကြောင်းတော့ အသေးစိတ်မသိရသေးပါဘူး၊၊ အိမ်ထောင်ပြုဖို့ အဝေးကြီးလိုပါသေးတယ်လို့ Nick ပြောခဲ့တာ မှတ်မိပါသေးတယ်၊၊  ဟောပြောပွဲမှာတုန်းက ကျောင်းသားတစ်ယောက်ထမေးတာ မှတ်မိသေးတယ်၊၊ အဲဒီမှာ Nick က မိန်းကလေးတွေနဲ့ ပတ်သက်တဲ့ သဘောထားကို ခုလိုပြောပြခဲ့ပါတယ်၊၊

" I am a virgin. It's not because i didn't have a chance, It's because i value myself."

Nick ရဲ့ ဇနီးလောင်း Kanae
 Nick ဟာသြစတေးလျမှာရှိတဲ့အထက်တန်းကျောင်းတစ်ကျောင်းရဲ့ ဒုတိယ ကျောင်းအုပ်ကြီးလဲ ဖြစ်ပါတယ်၊၊
သူငယ်ချင်းများအတွက် Nick ရဲ့ ဗီဒီယိုလေးကို ရှယ်လိုက်ပါတယ်၊၊



စိတ်ဓာတ်ကြံ့ခိုင်တဲ့သူများ ဖြစ်နိူင်ကြပါစေ၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...