သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။
မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘဝ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။
မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘဝတွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။
မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။
ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။
ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။
မိုဃ်းဇော်
ကျနော် ကဗျာတွေကိုချစ်တယ်၊၊ စကားလုံးတွေ ဖောင်းပွမနေပဲနှလုံးသားထဲထိ စိမ့်ဝင်သွားတဲ့ ကဗျာတွေကို မြတ်နိုးတယ်၊၊ ကဗျာဆရာ မိုဃ်းဇော် ဟာ ကျနော် အားကျလေးစား ခဲ့ရတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တယ်၊၊ ကျစ်လစ်တဲ့ စကားလုံးတွေနဲ့ ရင်ဘတ်ကို ပြင်းပြင်းရှရှ စူးဝင်စေတဲ့ သူ့ကဗျာတွေကို စွဲလန်း မိတယ်၊၊ဒီကဗျာလေးဖတ်ပြီး တစ်ခုခုသိမြင်သွားမယ်ဆိုရင်ပဲ ဆရာမိုဃ်းဇော်ကို ကျေးဇူးတင်လိုက်ပါ၊၊

Comments
(လွမ်းပိုင်ရှင်)
ကဗျာရေးတဲ့သူရဲ့ စိတ်ကိုလဲမြင်မိတယ်
ခင်ခင်မင်မင် jasmine