Skip to main content

တွေးမိတွေးရာ ( ၃ )

ဒီခရီးတစ်ခုကို  ခေါင်းမော့ ရင်ကော့ပြီး လျှောက်ခဲ့ဖူးသလို  လူတွေနဲ့ ဟိုးဝေးဝေးကနေ မျက်နှာငယ်စွာ လျှောက်ခဲ့ရဖူးတဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်၊၊ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် ဆိုတဲ့ စကားပုံလေးအတိုင်းပဲပေါ့၊၊ ဘဝက ရေစီးထဲက သစ်ရွက်ငယ်ကလေးလို အလိုက်သင့် မျှောလို့ ဘယ်ကမ်းကပ်မယ်ဆိုတာ  မသိခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့တာပေါ့၊၊ ရံဖန်ရံခါတော့ အမှောင်ထဲက ပျပျလေး မြင်ရတဲ့ မီးရောင်လေးကို အားတင်းပြီး ကူးခပ်မိတာမျိုးလဲ ရှိခဲ့တယ်၊၊ လမ်းသင့်လို့ ဖေးမသွားသူတွေနဲ့ ဆုံခွင့်ရခဲ့သလို အတ္တကြီးစွာ မိမိကိုယ်ကျိုးအတွက် တပါးသူရဲ့ ဘဝကို ခုတုံးလုပ်ပြီး အမြင့်တက်သွားသူတွေလဲ ရှိလေရဲ့၊၊

ဖေးမသူတွေထဲမှာ အမှတ်တရအဖြစ်ဆုံးကတော့ တက္ကသိုလ်ဝင်တန်း တက်ခဲ့တုန်းက ဆရာ့ရဲ့ ဆုံးမစကားတစ်ခွန်းပါပဲ၊၊ ကံကောင်းခြင်းဆိုတာ စောင့်မျှော်နေတုန်း ရောက်ရှိလာတဲ့ လက်ဆောင်တစ်ခု မဟုတ်ပါဘူးတဲ့၊၊  မိမိလုပ်ဆောင်ထားတဲ့ အလုပ်နဲ့ အခွင့်အရေးတိုက်ဆိုင်သွားတာကိုမှ ကံကောင်းခြင်းလို့ ခေါ်ပါတယ်တဲ့၊၊ ဒီလို တန်ဖိုးရှိတဲ့ ဆုံးမစကားတွေနဲ့ ကိုယ့်ဘဝကို ပြင်ဆင်တည့်မတ်ခဲ့တာလဲ အခါပေါင်းမနည်းခဲ့ပါဘူး၊၊ ခုဆိုရင် ငါတစ်နေ့ ကံကောင်းမှာပါဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကြိုတင်ပြင်ဆင်နေတတ်ခဲ့ပါတယ်၊၊

တခါတုန်းက ကိုယ်ကျင်လည်ရာ ဒီမိသားစုလေးရဲ့ကံကြမ္မာကို ကိုယ့်အားထုတ်မှုနဲ့ပြောင်းလဲပေးနိူင်မယ်လို့ ထင်ခဲ့မိတယ်၊၊ ဒါပေမယ့်လေ ကိုယ့်ဘဝလေးကိုတောင် စိတ်ကြိုက်ဖန်တီးလို့ မရနိူင်မှန်း သင်ခန်းစာတွေလဲ ရခဲ့ပြီးတဲ့နောက် တချို့သော အရာတွေကို နားလည်လာခဲ့သလိုပါပဲ၊၊ ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက်ဆိုတာ လူသားတွေအတွက် ရှင်သန်နေနိူင်ဖို့ အကြီးဆုံးတွန်းအားပေးတဲ့ ရင်းမြစ်ကြီးမဟုတ်လား၊၊ ဒီတော့ အသက်ရှူသံတွေ မရပ်တန့်သွားသ၍ မျှော်လင့်ချက်တွေနဲ့ ရုန်းကန်သွားရမှာပါ၊၊

တကယ်လို့များ ကံကောင်းခြင်းတွေဟာ ဒုက္ခမိုးရေစက်တွေရဲ့နောက်မှာ ကပ်ပြီး ပါလာခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် အိပ်လို့မပျော်တဲ့ညပေါင်းများစွာထဲက တစ်ညဟာ ကျနော့်အတွက်  ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်စေခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ငိုကြွေးနေခဲ့တဲ့ မျက်ရည်တွေဟာ ရှေ့ဆက်ဖို့ ခွန်အားတွေ ဖြစ်စေခဲ့မယ်ဆိုရင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ကျနော် ညည်းတွားနေမှုတွေဟာ အကျိုးမရှိတဲ့ ဗလာနတ္တိပါပဲ၊၊

ရင့်ကျက်မှုဆိုတာ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေမှာ ကြုံဆုံခဲ့ရတဲ့ ပြဿနာတွေပေါ် အမှန်အတိုင်းရှုမြင် သုံးသပ်နိူင်ခြင်းကို ဆိုလိုပါတယ်တဲ့၊၊ ကျနော်ကတော့ ဖြတ်သန်းနေဆဲလူတစ်ယောက်ပေါ့၊၊

Comments

ကောင်းဆု(ခရမ်းမြေ) said…
အရမ်းတိုက်ဆိုင်တယ် လေးစားပါတယ် စာရေးသူ

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...