Skip to main content

အိမ်

Source: Touropia 

အိမ်......

စိတ်ကူးထဲတွင် မြင်ယောင်ကြည့်သည်နှင့် ဖော်ပြမနိူင်သော ကြည်နူးမှု ဝမ်းသာပျော်ရွှင်မှုတို့ကို တပြိုင်နက် ခံစားရသည်၊၊ ဒီစကားလုံးလေးက တစ်လုံးတည်းပင် သို့သော်လည်း " အိမ် " ဆိုသည့် ဒီစကားလုံး၏ နောက်ကွယ်မှာ မေ့မရနိူင်သော အတိတ်ဖြစ်ရပ်တွေ၊ လွမ်းဆွတ်စရာ ထမင်းဝိုင်းနှင့် ချစ်ဖွယ်ကောင်းသော ညနေခင်းတွေ တပြိုင်နက် ကပ်ငြိနေပါသည်၊၊

ကျွန်တော် ချစ်သော " အိမ် " လေးမှာ ရိုးစင်းလှပါသည်၊၊ အဝင်ဝတွင် သစ်သားတံခါး နှစ်ချပ်ရှိပြီး ၊ တစ်ချပ်ကတော့ အိမ်တွင် အခါကြီးရက်ကြီး ဘုရားဝတ်ပြုသော နေ့များတွင်သာ ဖွင့်လေ့ရှိကာ တစ်ချပ်ကတော့ ည ကိုးနာရီထိ ညစဉ်ညတိုင်း ဖွင့်ထားလေ့ရှိသည်၊၊ ဒီတံခါးတွင် တပ်ထားသည့် သံကွင်းကြိုး နှင့် သော့ခလောက်ကို ကျွန်တော် မှတ်မိနေတုန်း၊၊ တံခါးချပ်တွင် ခြေတင်ပြီး ဟီးလီးခိုစီးခဲ့သောကြောင့် တံခါးချပ်လေးမှာ အနည်းငယ် ရွဲ့စောင်းစောင်းပင် ဖြစ်နေခဲ့ပြီ၊၊ မည်သူ့လက်ချက်မှ မဟုတ် ကျွန်တော် မျောက်လောင်းကျော် လက်ချက်သာဖြစ်လေသည်၊၊ အဆူခံရပေါင်း ဘယ်လောက်ပင်များသော်လည်း လူလစ်ရင် လစ်သလို ခိုးစီးခဲ့သည်မှာ ကလေးဘဝ စွန့်စားခန်းတစ်ခုလိုပင်၊၊


တံခါးလေး၏ ညာဖက်ခြမ်းတွင်တော့ မီးသက်ဌာနမှ အမိန့်ပေးစေခိုင်းထားသော မချိတ်မနေရ သဲအိပ်တွေနှင့် ရေအိပ်တွေ ပြီးတော့ ဝါးတိုင်နှစ်တိုင်ဖြင့်ထောင်ထားသော မီးချိတ်နှင့် မီးကပ်၊၊ အမှန်တကယ်မီးလောင်လျှင် ထိုမီးချိတ်ဖြင့်  အဘယ်အရာကို ချိတ်၍ဆွဲရမည်နည်းဟု  ကလေးဉာဏ်တစ်ထွာလေးနှင့် စဉ်းစားခဲ့ဖူးသည့် အကြိမ်ပေါင်းလည်းမနည်းခဲ့ချေ၊၊ မှတ်မှတ်ရရ ကျွန်တော်တို့ လမ်းကြားက အမှိုက်ပုံးကြီး မီးလောင်တုံးက အအိပ်ကြီးသော ကျွန်တော့်ကို အဘွားက ထဖို့ လာနှိုးရာ တစ်အိမ်ကျော်သို့  မီးရောက်မှ ပြန်လာနှိုးရန် ပြောသောကြောင့် အဘွားက နောက်နေ့မနက်ထိ ဆူ၍မဆုံးတော့ပေ၊၊

သဲအိပ် ရေအိပ်တန်း နောက်တွင်တော့ ည ၈နာရီပန်းဟု ကျွန်တော်တို့ မိသားစုများ အမည်ပေးထားသော ပန်းရုံကြီး ရှိလေသည်၊၊ အဘယ်ကြောင့် ထိုအမည်ပေးရသနည်းဟု စာရှုသူများ မေးခဲ့ပါလျှင် ထိုပန်း၏ နာမည်ရင်းကို မသိသည်က တကြောင်း၊ ထိုပန်းမှာလည်း ည ၈နာရီခန့်တွင်မှ အပွင့်ပွင့်လာပြီးလျှင် နံနက်ရောက်ပါက ပြန်လည်၍ အဖူးငုံသွားသောကြောင့် ဖြစ်လေသည်၊၊ ထိုပန်းရုံ နားတွင် ဇီဇဝါပင် နှစ်ပင်ရှိလေသည်၊၊ ဇီဇဝါနံ့ကို မခံနိူင်သော ကျွန်တော်က ထိုအပင်များကို ခုတ်ပစ်ရန် မကြာခဏ ချောင်းလေရာ တစ်နေ့တွင်တော့ အခွင့်ပေါ်လာလေသည်၊၊ အကြောင်းမှာ အမည်မသိ ပိုးများ ကျရောက်သောကြောင့် ဇီဇဝါပင်များမှာ အဖူးငုံစဘဝနှင့်သာ ကြွေလွင့်ကုန်သောကြောင့် အားပါးတရ ခုတ်ပစ်ခွင့်ကို ရခဲ့ပါသည်၊၊ ဝမ်းသာလိုက်သည်မှာ မပြောပါနှင့်တော့၊၊

ကျွန်တော်တို့ အိမ်ကြီးသည် အဘိုး၏ မီးဘေးရန်ကြောက်ရွံ့ မှုကြောင့်မြေကွက်လပ် အလယ်ခေါင်တည့်တည့်တွင် အိမ်ဆောက်လုပ်ထားခဲ့ပါသည်၊၊ အိမ်ဘေးပတ်လည်တွင်လည်း အပင်များ စုံနေအောင် စိုက်ပျိုးထားခဲ့ရာ ဒညင်းပင်၊ထောပတ်သီးပင်၊ သရက်ပင်၊မက်မန်းပင်၊ ဒန့်သလွန်ပင်၊ကြက်မောက်သီးပင်၊ စတားဧပြီသီးပင် အစရှိသဖြင့် မျိုးစုံလင်လှပါသည်၊၊ အပင်များသောကြောင့် အသီးများကို စျေးမှ ဝယ်စားစရာမလိုသော်လည်း ကျွန်တော့်အတွက် ပြဿနာက နွေရာသီ သစ်ရွက်ကြွေချိန်တွင်  ခြံဝင်းပတ်လည် တံမြက်စည်း လှဲရခြင်းပင်ဖြစ်သည်၊၊ ကလေးပီပီ ပျင်းလိုက်သည်မှာ ဆိုဘွယ်ရာမရှိ၊၊

ထိုမျှမကသေး အဘွားက ပန်းစိုက် ဝါသနာပါသောကြောင့် အိမ်တွင် ပန်းခြံငယ်လေးတစ်ခုလည်း ရှိသေးသည်၊၊ ပိန်းပန်း အိုးလေးဆယ်ခန့်၊ သစ်ခွနက် ဆယ်အိုးခန့်နှင့် ဒန်စင်းလေဒီဟုခေါ်သော သစ်ခွ ဝါဝါလေးများလည်း ရှိသည်၊၊ ပြီးနောက် မြေသစ်ခွ များလည်းရှိသည်၊၊ မြေသစ်ခွကိုတော့ ကျွန်တော် အလွန်နှစ်သက်သည်၊၊ အနံ့မရှိသော်လည်း သူ့အသွင်သဏ္ဍာန်က အလွန် ဝင့်ထယ်သောကြောင့် ဖြစ်သည်၊၊ နောက်အပင်တစ်မျိုးက ဘုရင်မုတ်ဆိတ်ဟုခေါ်သည်ဟု ကြားဖူးသည် ဇော်ဂျီမုတ်ဆိတ်ဟုလည်း ခေါ်ကြသည်၊၊ အချို့က ကျားမုတ်ဆိတ်ဟုလည်း ခေါ်သည်၊၊ မည်သည့် နာမည်က အမှန်ဖြစ်သည်ကို ကျွန်တော်ကိုယ်တိုင်လည်း မသိခဲ့ပါ၊၊ အပွင့်ကတော့ တစ်ကယ့်မုတ်ဆိတ်တွေလို အမွေးရှည်ရှည်တွေနှင့် အနက်ရောင်လို အညိုရောင်လိုဖြစ်သည်၊၊

မှတ်မှတ်ရရ ဖြစ်ရသည့် အပင်တစ်မျိုးက ခြံအလည်ခေါင်နားတွင်ပေါက်သော သနားခါးပန်းရုံကြီးဖြစ်သည်၊၊ ကျွန်တော်တို့တွေ ဓားရှ၊ ဒူးကွဲဒဏ်ရာရတိုင်း အရွက်ကိုခြွေ ညက်ညက်ဝါးပြီး ဒဏ်ရာပေါ် အုပ်အုပ်ခဲ့သော အဖိုးတန်လှသည့် အပင်ဖြစ်သည်၊၊ သူ့အပွင့်မှာ ဝါဝါလေးနှင့် အခက်ငါးခက်ခန့် ပါရှိပြီး အဝါရောင်ဘုသီးလေးများက အခက်လေးများ တလျှောက် ကပ်ငြိနေသည်၊၊ အနံ့ကလည်း သင်းသင်းလေးဖြစ်သောကြောင့် အဘွားဘုရားကျောင်း သွားတိုင်း ပန်ဆင်ခံရသည့် ပန်းလေးလည်းဖြစ်သည်၊၊ ထိုအပင်လေး၏ အားသာချက်မှာ တစ်နှစ်ပတ်လုံး ပွင့်ခြင်းဖြစ်သည်၊၊ 

ကျွန်တော်တို့ အိမ်ကြီးမှာ နှစ်ထပ်အိမ်ကြီး ဖြစ်သည်၊၊ အောက်ထပ်ကို အုတ်ဖြင့် ဆောက်ထားပြီး အပေါ်ထပ်ကိုတော့ ပျဉ်ကာ ရေနံကြီးသုတ်ထားသည့်ရှေးရိုးအိမ်ကြီး ဖြစ်သည်၊၊  မှတ်မှတ်ရရ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော်တို့  အိမ်ခေါင်မိုးမှာ သူများအိမ်တွေနှင့် မတူ အုတ်ကြွပ်မိုးဖြစ်သည်၊၊ အုတ်ကြွပ် အချပ်တိုင်းတွင် မြန်မာပြည်တွင် လုပ်သည်ဟူသော  စာသားများ ပါရှိလေသည်၊၊ အုတ်ကြွပ်တစ်ချပ်လျှင်  အနည်းဆုံးနှစ်ပိဿာခန့်ရှိမည်ထင်သည်၊၊ အိမ်ကြီးမှာ ခေါင်မိုးတုပ်တန်းများ ဆွေးမြေ့လာသောကြောင့် အုပ်ကြွပ်ချပ်တစ်ချပ်နှင့်တစ်ချပ်ကြား ကွာဟလာရာ မိုးရွာလျှင် မိုးရေယိုသဖြင့်ရှိရှိသမျှ ဇလုံ၊ ခွက်များနှင့် မိုးရေခံရသည့် နေ့များကို မမေ့နိူင်သေးပါ၊၊ ထို့ကြောင့် ကျွန်တော် အလယ်တန်း စတက်သည့် နှစ်တွင် သွပ်မိုးအဖြစ် ပြောင်းလဲ မိုးခဲ့ပါသည်၊၊ ထိုအချိန်မှစ၍ မိုးရွာလျှင် ခွက်ရှာရသော ဘဝမှ လွတ်ကင်းခွင့်ရခဲ့ပါသည်၊၊ ယခုဆိုလျှင် မိုးတွေရွာတိုင်း ဟိုးတုန်းက ကျွန်တော့် အိမ်ဟောင်းလေးကို လွမ်းပါသည်၊၊

ဤအိမ်ကြီး၏ ပျဉ်အချပ်တိုင်း၊ အုတ်တစ်ချပ်တိုင်းကို ကျွန်တော် မှတ်မိနေပါသေးသည်၊၊အခန်းတိုင်းကိုလည်း မျက်စိမှိတ်၍  ကျွန်တော် ဝင်ထွက်သွားလာနိူင်ပါသေးသည်၊၊အခါပေါင်းများစွာ မရေမတွက်နိူင်အောင် တက်လိုက်ဆင်းလိုက်ပြုလုပ်ခဲ့သော  လှေကားထစ်များကို  ကျွန်တော့်  အာရုံထဲတွင်  ခံစားမိနေတုန်းပင်၊၊ ဧည့်ခန်း မှန်ဗီရိုထဲမှ  အလှဆင် အရုပ်လေးတွေနှင့် ကျမ်းစာအုပ် အသစ်များ၊ ကြွေပန်းကန်များ၊ ဧည့်ခန်း ညာဘက်ထောင့်နားမှ မီးအားမြှင့်စက် နှင့် တိုရှီဘာ ဘုမ်ဘာတံဆိပ်  တီဗီ၊ ဒီအရာတွေအားလုံး ဟိုးအရင်ကလို မပြောင်းမလဲ ရှိနေအုံးမည်ဟု  ကျွန်တော်ထင်သည်၊၊ ဧည့်ခန်းထဲတွင်  ချိတ်ဆွဲထားသော  မေမေတို့ မောင်နှမများ၏ ပုံ၊ ဘွဲ့ဝတ်စုံကိုယ်စီနှင့် ဦးလေး၊ အဒေါ်များ၏ ပုံ၊ထိုပုံများ၏ နောက်ဆုံးတွင်တော့ ကျွန်တော့်၏ ပုံ၊ပြီးနောက် အဘွားနှင့် အဘိုး၏ မင်္ဂလာဆောင်တုန်းကပုံ၊ထိုဓါတ်ပုံများ အားလုံးကို အစီအစဉ်အတိုင်း ကျွန်တော် မှတ်မိနေခဲ့သည်၊၊

အိမ်နီးနားချင်းအိမ်မှ မနက် ခြောက်နာရီခန့်တွင် ပုံမှန်ကြားရတတ်သော ရန်ဖြစ်သံများကိုလည်း ရံဖန်ရံခါ ကျွန်တော် လွမ်းမိသည်၊၊ ခုချိန်တွင်တော့  ကျွန်တော်က အိမ်နှင့် အဝေးဆုံးနေရာကို ရောက်နေသူတစ်ယောက် ဖြစ်နေခဲ့ပြီ၊၊ အိမ်ပြန်ရောက်မည့် နေ့ရက်ကိုပင် မသိနိူင်သေး၊၊ အဘွားခေါင်းချသွားသည့်  ဒီအိမ်လေးကို ကျွန်တော် နောက်တစ်ခါ ပြန်ကြည့်ရအုံးမည်၊၊ အရာရာတိုင်းသည် ဟိုးအရင်ကလိုများ ရှိနေမလား  ကျွန်တော်မသိ၊၊ အိမ်ပြန်လာချိန်တွင် ကြိုဆိုနေမည့် မျက်ဝန်းတစ်စုံမရှိတော့မှန်း အသိက အိမ်ပြန်ဖို့ရန် တားဆီးနေခြင်းလား ကျွန်တော် မသိတော့ပါ၊၊


အိမ်ကို လွမ်းတဲ့အလွမ်းတွေ ရေးဖွဲ့မိတာပါ၊၊
၅:၁၃ နံနက် July 16, 2012





















Comments

နှစ်ထက်အိမ်ကြီးတစ်လုံး
အပေါ်ထက်ကိုရေနံကြီးတွေသုတ်တဲ့အိမ်ကြီး
မျက်စိထဲမြင်လို့ရတယ်
ညောင်ရွှေက ဖေဖေတို့အိမ်ကြီးကလဲအဲဒီလိုပါပဲ
အသီးအပင်တွေကလဲစုံစုံလင်လင်
ပျော်ရွှင်စရာအပြည့်နဲ့အိမ်ကြီး
တူတာလေးက ဖွားဖွားခေါင်းချသွားတဲ့အိမ်ပေါ့နော်
ဒီပိုစ့်လေးဖတ်ပြီး
ဖေဖေ ဖက်ကအိမ်ကြီးကိုအရမ်းလွမ်းမိတယ်

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...