Skip to main content

" ဆရာဟူသည်....."


မမေ့နိူင်တဲ့ အမှတ်တရတွေ ကျွန်တော်တို့ ဘဝတွေထဲမှာ ရှိတတ်ကြတယ်၊၊ ပြန်စဉ်းစားသတိရလိုက်တိုင်း ငိုကြွေးရတဲ့ အတိတ်တွေရှိသလို ကြည်နူးရတဲ့ အတိတ်တွေလည်း ရှိခဲ့တယ်၊၊ ဒီထဲမှာမှ ကိုယ်လုပ်ဆောင်ခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေကို ပြန်တွေးပြီး တစိမ့်စိမ့် ပီတိဖြစ်ရတာက ဘာနဲ့မှ နှိုင်းလို့မရတဲ့ ခံစားချက်ဖြစ်တယ်၊၊

အဲဒီတုန်းက ကျွန်တော် ဆယ်တန်းကို ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်မြင်ပြီး တက္ကသိုလ်ဝင်ဖို့အတွက် လျှောက်လွှာတင်နေခဲ့တဲ့ အချိန်ပေါ့၊၊ ဆေးကျောင်းဝင်ခွင့်အတွက် လွဲချော်ခဲ့တဲ့ ကျွန်တော့်အတွက် တစ်ခြား တက်ခွင့်ရတဲ့ကျောင်းတွေကလည်း မက်လောက်စရာမရှိဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေမိတဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်ခဲ့တယ်၊၊ ခုချိန်မှာတော့ ကိုယ့်ကိုယ်ကို ဆရာဝန်မဖြစ်ချင်ဘူးဆိုတာ သေချာသိနေခဲ့ပါပြီလေ၊၊ ကျောင်းတွေဘာတွေလျှောက်တော့ အိမ်ကလူကြီးတွေက သိပ်နားမလည်ကြတော့ ကိုယ်က လူလည်လုပ်ခဲ့တာပေါ့၊၊ နံပါတ်တစ် ဦးစားပေးမှာ ရူပဗေဒကို ထည့်ထားလိုက်တယ်၊၊ နောက်မှာတော့ GTI တို့ Law တို့ ဘာတို့ အထည့်ပြထားတာပေါ့၊၊ အိမ်က အဖွားကတော့ ဘာမှမသိရှာပါဘူး၊၊ ကျွန်တော်က ကိုယ့်စိတ်ကူးနဲ့ကိုယ် ရိုးရိုးမေဂျာ ရွေးခဲ့တာ အကြောင်းရှိပါတယ်၊၊

စာသင်ပြတဲ့ အလုပ်ကို ဝါသနာပါတဲ့ ကျွန်တော်က ကျောင်းလည်းတက်ရင်း အိုးမကွာ အိမ်မကွာလေး နေရင်း ဆယ်တန်းတွေကို စာပြမယ်လို့ စိတ်ကူးမိတာပါ၊၊ အဖွားနားမှာ အဖော်အဖြစ်နေချင်တာလဲ ပါတာပေါ့လေ၊၊ အဖွားက အသက်ကြီးပြီဆိုတော့ ကျွန်တော်သာ အဝေးမှာကျောင်းသွားတက်ရင် ဘယ်သူများ ကြည့်ရှုစောင့်ရှောက်မလဲဆိုတဲ့ အတွေးတွေလည်း ပါပါတယ်၊၊

ဒီလိုနဲ့ မေဂျာလည်း ကျလာပါတယ်၊၊ ကျွန်တော်လည်း ငယ်သူငယ်ချင်းနှစ်ယောက်နဲ့အတူတူ ဆယ်တန်းတွေကို စာပြဖြစ်ခဲ့တယ်၊၊ စုစုပေါင်း ကျောင်းသူ/သား ၆ယောက်နဲ့ပေါ့၊၊ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း မီးကမလာ၊ ဖယောင်းတိုင်ငုတ်တိုလေးတွေနဲ့ တပည့်တွေကို စာကျက်ကူ၊ စာရှင်းပြနဲ့ ကျွန်တော့်ဘဝလေးဟာ ပုံမှန်လေးပဲ လည်ပတ်ခဲ့တယ်၊၊ ဒီအလုပ်ကို အစလုပ်ကတည်းက ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်သား ကျောင်းသားတွေကို ငွေရေးကြေးရေး စကားမပြောဖို့ တိုင်ပင်ခဲ့ပြီးသားမို့ ကလေးတွေကို ဘယ်တော့မှ ကျူရှင်လခဆိုတာ မတောင်းခဲ့ပါဘူး၊၊ တတ်နိူင်တဲ့ ကလေးတွေရဲ့ မိဘတွေကတော့ မပျက်မကွက် လာပေးကြရှာပါတယ်၊၊ မပေးနိူင်တဲ့ ကလေးတွေက အများစုပေါ့၊၊


 ဒီလိုနဲ့ လခရတဲ့ လတွေရှိသလို မရတဲ့လတွေလည်း ရှိခဲ့တာပေါ့၊၊ ကလေးတွေကို ပုံမှန်အတိုင်း စာတွေသင်ပြ၊ ဟိန်းဟောက်သင့် ဟိန်းဟောက်နဲ့ ဆယ်တန်းစာမေးပွဲကြီးလည်း ပြီးသွားခဲ့ပါတယ်၊၊ အောင်စာရင်းထွက်တဲ့ မနက်ကတော့ ရင်တွေအတော်ခုန်ပါတယ်၊၊ ကိုယ့်ကလေးတွေကို အောင်စေချင်တာ မပြောပြတတ်အောင်ပါပဲ၊၊ သူတို့ရဲ့ မိဘတွေကလည်း လက်လုပ်လက်စားတွေဆိုတော့ သူတို့ဘဝလေးတွေ ဆယ်တန်းလေးများ အောင်ခဲ့ရင် မိဘတွေ အတိုင်းမသိ ဝမ်းသာကြမှာမို့လို့ပါ၊၊

စောင့်ရင်းစောင့်ရင်းနဲ့ မနက်ကိုးနာရီလောက်မှာ တပည့်လေးတစ်ဦး ရောက်လာခဲ့ပါတယ်၊၊ စာမေးပွဲအောင်လို့ ဆရာနဲ့ဆရာမကို ငွေငါးထောင်လေး ကိုင်ပြီး ကျူရှင်ခလာပေးတာပါတဲ့၊၊ စဉ်းစားကြည့်ပါအုံး၊၊ တစ်နှစ်လုံး ကျူရှင်ခမပေးနိူင်ခဲ့တဲ့  ကလေးပါ၊၊ သူ့မိဘတွေ ဒီငွေ ငါးထောင်ကို အတင်းရှာကြံပြီး လာပေးခိုင်းလိုက်တယ်ဆိုတာ ကျွန်တော်တို့ ပြေးကြည့်စရာမလိုပဲ တွေးကြည့်လိုက်တာနဲ့ သိပါတယ်၊၊ ရင်ထဲမှာလည်း နင့်နင့်သည်းသည်း ခံစားမိပါတယ်၊၊ ကျွန်တော်နဲ့ သူငယ်ချင်း နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိတယ်၊၊ နားလည်မှုတစ်ခုကို နှုတ်ကဖွင့်မပြောပဲနဲ့ ညှိနှိုင်းလိုက်တယ်၊၊ အဲဒီ ငွေငါးထောင်ကို တပည့်လေးအတွက် ဆုချတဲ့အနေနဲ့ ကျွန်တော်တို့ ပြန်ပေးလိုက်ခဲ့တယ်၊၊ ကလေးရဲ့ ပျော်သွားတဲ့မျက်နှာ၊ ကျေးဇူးတင်တဲ့ မျက်နှာ အဲဒီမျက်နှာလေးဟာ ကျွန်တော့်အတွက် တစ်နှစ်စာ ပင်ပန်းခဲ့ရသမျှ ချွေးသိပ်ပေးနိူင်ခဲ့တယ်၊၊

" ဆရာဟူသည် ပီတိကိုစား အားရှိပါ၏ " ဆိုတဲ့ ဒီစကားကို ကျွန်တော် ကျောင်းတုန်းက ခဏခဏ ကြားခဲ့ရပေမယ့် သံသယ ဝင်ခဲ့ဖူးပါတယ်၊၊ ပိုက်ဆံမပေးနိူင်တဲ့ ကျောင်းသားကို ဘယ်ဆရာကများ စာသင်ချင်ပါ့မလဲပေါ့၊၊ ဒီအဖြစ်အပျက်လေးနဲ့ ကြုံလိုက်ရပြီးနောက်ပိုင်းမှာ ကျွန်တော့်ရဲ့ ဆရာ/မတွေရဲ့ စေတနာတွေကို ကွက်ကွက်ကွင်းကွင်း နားလည်လိုက်မိပါတော့တယ်၊၊

" ဆရာ/မများ ငြိမ်းချမ်းအေးမြနိူင်ကြပါစေ "







Comments

Anonymous said…
ပီတိျဖစ္ရတဲ့ပုုိ ့စ္ပါ။
အိုုင္အိုုရာ

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...