Skip to main content

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။ 

 စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။ 

 အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger တစ်ယောက်ရယ်၊ Cyprus ကျွန်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ အမ blogger တစ်ယောက်ရယ်၊ နောက်ပြီးတော့ ကချင်ပြည်နယ်သား ဒေါ်စိန်အေး ကျောင်းဆင်း Russia မှာ မာစတာတက်နေတဲ့ ကျောင်းသား အကို တစ်ယောက်ရယ်ကိုလည်း ရေးတေးတေးလေး မှတ်မိတယ်။ ကျန်တာကတော့ နိုင်ငံရေး Bloggers တွေ။ 

အဲ့ဒီကာလက ဦးသိန်းစိန်က ဝန်ကြီးချုပ်ရာထူးနဲ့ ပြည်တွင်းမှာ နိုင်ငံ‌ရေးလှုပ်ရှားမှုတွေ ကန့်သတ်ထားတုန်းဆိုတော့ ပြည်တွင်းက ပြည်သူတွေက ပြည်ပနေ Blogger တွေရဲ့ ပို့စ်တွေကို ဖတ်မှပဲ ကန့်လန့်ကာ နောက်ကွယ်က အဖြစ်အပျက်တွေကို သိခွင့်ရတဲ့အချိန်ကာလဆိုလည်း မမှားဘူး။ နောက်တော့ မြန်မာပြည်မယ် Cellular data တွေ မြန်မာကျပ်ငွေ ငါးသိန်းနဲ့ စချပေးတဲ့အချိန်မှာ G Talk တွေ သုံးပြီး တတွမ်တွမ် တတီတီနဲ့ အိမ်ကို ဆက်သွယ်ရတာ အတော်လေး အဆင်ပြေလာတယ်။ 

သိပ်မကြာဘူးထင်တယ် Facebook တွေ ပေါ်လာတော့ Blogger တွေ အတော်များများ Facebook ဖက်ကိုပဲ ကူးသွားတော့ မြန်မာ Blogger လောကကြီးလည်း သဲကန္တာရလိုပဲ တစစီ ခြောက်သွေ့လို့ စာရေးသူအပါအဝင် Blogger တွေ အများစုလည်း Blog ဖက်ကို ပြန်မရောက်ဖြစ်တော့ဘူး။ 

 ခုမှ ဘာလို့ ဒီဖက်ကို ပြန်ရောက်လာတာလည်းဆိုတော့ Facebook က ပေးတဲ့ စိတ်ဖိစီးမှုတွေနဲ့ စိတ်ဒဏ်ရာတွေကို စိတ်ကုန်သွားလို့လည်း ပါတယ်။ အဓိကတော့ ကိုယ့်စာတွေကို နေရာတစ်ခုမှာ သပ်သပ်ရပ်ရပ်နဲ့ စုထားချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ နောက်ပြီးတော့ ကိုယ်သေသွားရင် ကိုယ်ရေးတဲ့ စာတွေနဲ့ ကိုယ့်သမိုင်းဆိုတာတွေပဲ ကျန်ခဲ့မှာ ဆိုတဲ့ အတွေးကြောင့်မို့လည်း စာတွေ ပြန်ရေးတော့မယ်လို့ ဆုံးဖြတ်မိတာ။ တစ်လ တစ်ပိုဒ်တော့ အနည်းဆုံး ရေးမယ်လို့ တွေးထားတာပါပဲ။ 

 Blog မှာ စာပြန်ရေးတော့မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ ပထမဦးဆုံး လုပ်ရတာက အရင်က ဇော်ဂျီဖောင့်နဲ့ ရေးထားတာတွေကို ယူနီကုဒ် ပြန်ပြောင်းရတာပဲ။ နည်းနည်းတော့ လက်ဝင်ပေမယ့် ရှောရှောရှူရှူပဲ ပြောင်းလို့ ရပါတယ်။ အဲ့ဒါတွေ လုပ်ရင်းနဲ့ ရေးထားတဲ့ ပို့စ်အဟောင်းတွေကို ပြန်ဖတ်တဲ့အခါ တချို့ ပိုစ့်တွေကို ပြန်ပြင်ရေးချင်ပေမယ့် ဒါတွေက ကြီးပြင်း ရင့်ကျက်လာခဲ့တဲ့ ဘဝတစ်လျှောက်ရဲ့ မှတ်တိုင်တွေလို့ပဲ မြင်တာမို့ ပြန်မပြင်တော့ပဲ မူရင်းအတိုင်းပဲ ထားပါတယ်။ အသက်၂၀ ကျော် အတွေးတွေနဲ့ ၃၀ ကျော် အတွေးတွေဆိုတာ ဘယ်မှာများ တူနိုင်ပါ့မလဲနော်။ 

 ၁၀ နှစ်ကျော်ဆိုတဲ့ အတိုင်းအတာ တစ်ခုမှာ လောကဒဏ်ရဲ့ တိုက်ခတ်တဲ့ ဒဏ်ကို အကြိမ်ကြိမ် ကြုံဆုံ ဖြတ်သန်းခဲ့ရပြီမို့ နှလုံးသားတွေလည်း မာတဲ့နေရာ မာနဲ့ အရေခွံတွေလည်း ထူသင့်တဲ့နေရာ ထူခဲ့ပြီ။ ဖြစ်တည်မှုအနေနဲ့ လုံးလုံးကြီး ပြောင်းလဲသွားတာမျိုး မဟုတ်ပေမယ့် အရင်လို အမှောင်ထဲ တိတ်တိတ်လေး ခိုးငိုတတ်တဲ့ ကလေးတစ်ယောက် မဟုတ်တော့တာတော့ အသေအချာပဲ။ 

ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာခဲ့ပြီလားလို့ မေးရင် ဟင့်အင်းလို့ပဲ ဖြေရမှာပါ။ ဒါပေမယ့် ဖြစ်လာတဲ့ လက်ရှိဘဝကို ကျေနပ်‌တင်းတိမ် ရောင့်ရဲတတ်ပြီမို့ အထိုက်အလျောက်တော့ နေ့ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းနေသူလို့ ကိုယ့်ဖာသာကိုယ် သတ်မှတ်ထားပါတယ်။ 

 စက်တင်ဘာ၊ ၂၀၂၂

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...