Skip to main content

တောသားလေး၏ အတွေး

" ဘာ......အိမ်ပြန်ချင်တယ် ဟုတ်လား...မင်းရူးများရူးနေလား မောင်ကောင်း "

ဒေါသတကြီး အော်ငေါက်လိုက်သော  ဦးလေး၏ အသံက နားထဲသို့ သံရည်ပူများ စီးဆင်းပျော်ဝင် သွားသကဲ့သို့ ပူလောင်လွန်းလှသည်၊၊ ဦးလေးကို အကျိုးသင့်အကြောင်းသင့် ပြောမည်ဟု စိတ်ကူးထားသမျှ ဘယ်ဆီများလွင့်ပျောက်ကုန်ပြီမသိ၊၊ သက်ပြင်းကို အသာခိုးချရင်း မောင်ကောင်း အတွေးအိမ်ထဲသို့လွင့်မျောသွားခဲ့သည်၊၊

မောင်ကောင်း ဒီကိုရောက်နေသည်မှာလေးနှစ်လေးမိုးရှိခဲ့ပြီ၊၊ နှင်းတွေ အဆုပ်အခဲလိုက်ကျတတ်သော သိုးဆောင်းတို့၏ တိုင်းပြည်ထဲတွင် မောင်ကောင်းတစ်ယောက် အညာက အိုက်စပ်စပ်ရာသီဥတုလေးကို လွမ်းမိသည်၊၊ မန်ကျည်းသီးထောင်းကိုငရုပ်သီးစပ်စပ်လေးဖြင့် ထမင်းတစ်အုပ်လောက်လွေးလိုက်ချင်သည်၊၊ ဖုန်တွေ တလိမ်းလိမ်းထနေတဲ့ ရွာလမ်းမကြီးမှာ အလှူပွဲလေးနွဲလိုက်ချင်သည်၊၊ ခြင်ထောင်ကြားလေး ထောင်ပြီး အိမ်ရှေ့ကကွတ်ပျစ်ပေါ်မှာတစ်ညလောက်အိပ်စက်အနားယူချင်သည်၊၊

မောင်ကောင်း ငယ်ငယ်က သိုးဆောင်း ဗီဒီယိုတွေကို ရွာမြောက်ဘက်က ဦးလေးမောင်တို့ ဗီဒီယိုရုံတွင် ကြည့်လေ့ကြည့်ထရှိသည်၊၊ နှာခေါင်း ရှည်ရှည် ခရုသင်းစွဲနေသော ဒီလူတွေ၏ ဆံပင်မှာ ရွာဦး လက်ကွက်ထဲက ရွှံ့ဗွက်တွေ လူးထားသကဲ့သို့ ကြည့်မကောင်း၊၊ ဒီကို ရောက်လာမှ ဒီလူတွေ၏ ကလန်ကလား အရပ်တွေ မိုးထိထိုးနေတာကို အံ့အားသင့်ခဲ့ရသည်လေ၊၊ လူ့ဘီလူးကြီးတွေလို သူတို့ကကြောက်ဖို့ကောင်းလွန်းလှသည်၊၊

 စာသင်ခန်းထဲရောက်ပြန်တော့ ဘာမှန်းမသိသော အရာပေါင်းများစွာ သင်ကြားကြပြန်သည်၊၊ ဦးလေးက တစ်ခါတုန်းက ပြောဖူးသည်၊၊ စာတတ်ကာမှ လူရာဝင်မည်တဲ့လေ၊၊ လူရာဆိုတာ ဘာကိုပြောမှန်း မောင်ကောင်း အမှန်တကယ် နားမလည်ပါ၊၊ မောင်ကောင်း သိသည်က ရွာကလေးမှာ အလုပ်ကြိုးစားလုပ်ပြီး သေတပန်သက်တဆုံး နေထိုင်မည်၊၊ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်မည်၊၊

မောင်ကောင်းရွာမှာ နေမကောင်းဖြစ်လျှင် သွေးဆေးလေးကို ရေနွေးပူပူဖြင့်သောက်လျှင်
ပျောက်သည်ချည်း၊၊ ဒီကိုရောက်ကာမှ ဒေါက်တို လား ဒေါက်ရှည်လား မသိ ထိုလူကြီးထံသို့ နေမကောင်းဖြစ်တိုင်း သွားရလေသည်၊၊ အပ်ကြီးဖြင့် မောင်ကောင်းတင်ပါးကျိန်း နေအောင် ဆေးထိုးကာ ပိုက်ဆံအများကြီး ယူတတ်သော ထိုလူကြီးကို မောင်ကောင်း  မနှစ်သက်လှပါ၊၊

ပေါင်မုန့်ဟု ခေါ်သော ပြားချပ်ချပ် ဖြူတူတူ စားစရာကို ဒီကလူများ အတော်ကြိုက်ကြလေသည်၊၊ မောင်ကောင်း ကြိုးစားကာ စားကြည့်ပါသော်လည်း အရီးလေး၏ မုန့်ဆီကျော်လောက်ပင် မကောင်းချေသောကြောင့် ပေါင်မုန့်ဆိုလျှင် ထပ်၍ပင် မမြင်ချင်တော့ပါ၊၊ ဦးလေးက ပြောသည်၊၊ ကျောင်းပြီးလျှင် အလုပ်လုပ်ပါက ပိုက်ဆံတွေအများကြီးရပြီး အိမ်အကြီးကြီးဝယ်နိူင်မည်ဟူသည်၊၊ သို့ပါသော်လည်း မောင်ကောင်း ညည်းငွေ့လှပါပြီ၊၊ ရွတ်ဆိုရန် ခက်လွန်းလှသော ကျောင်းစာများကိုလည်း မျက်တောင်တစ်ခတ်မျှပင် မကြည့်ချင်တော့ပါ ၊၊


မောင်ကောင်း ရွာကို လွမ်းသည်၊၊ မောင်ကောင်း အိမ်ပြန်ချင်ပါသည်၊၊ 




အိမ်ကိုလွမ်းလို ့ရောက်တတ် ရာ ရေးချမိလိုက်တာပါ၊၊ 

Comments

Anonymous said…
ကိုယ့်ကိုယ်ကိုသိသားပဲ စတာပါ တို့ထက်စာရင်တော်ပါတယ် များများရေးကြည့်ပေါ့ ပျော်ရွှင်ပါစေ

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...