Skip to main content

Saving Fish from Drowning

ခုတလော အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းလွန်းလှတဲ့ စာအုပ်တစ်အုပ်လေးကို ဖတ်ပြီးသွားပါတယ်၊၊ ဒီစာအုပ်လေးကို ဝယ်ဖြစ်ခဲ့ပုံက ဒီလိုပါ၊၊ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကို ဆေးရုံလိုက်ပို့ရင်း သူ့ဆေးစစ်ချက်စောင့်နေတဲ့  အချိန်လေးမှာ ဆေးရုံဘေးနားက စာအုပ်ဆိုင်လေးဆီကို လျှောက်ကြည့်မိပါတယ်၊၊ စာအုပ် သုံးလေးအုပ်လောက်ကြည့်ပြီးတဲ့အထိ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်အမျိုးအစားကို ရှာမတွေ့မိပါဘူး၊၊ ဒါနဲ့ ကောင်တာနားကို ဖြတ်လျှောက်သွားမိတော့ ဒီစာအုပ်လေးက ကျနော့် မျက်စိကို အမိအရ ဆွဲယူလိုက်တော့တယ်၊၊
အင်းလေးကန်ပေါ်မှာ ရှမ်းလေးတစ်ယောက် လှေလှော်နေတဲ့ ပုံလေးပါ၊၊ ဒါပေမယ့် ဒီပုံကို ကျနော် သတိမထားမိခဲ့ပါဘူး ၊၊ ဒီစာအုပ်ဟာ မြန်မာပြည်အကြောင်း ရေးထားမှန်းလဲ ကျနော် မသိခဲ့မိဘူး၊၊ မြန်မာပြည်သားတိုင်းစာအုပ်အဖုံးကို ကြည့်တာနဲ့ အင်းလေးနဲ့ပတ်သက်မှန်း သိသာထင်ရှားပေမယ့် အဲဒီပုံကို ဂရုမပြုမိခဲ့ဘူး၊၊
ရင်းနှီးခဲ့ဖူးတဲ့ အပေါင်းအသင်းတစ်ယောက်ကို ပြန်တွေ့သလို ခံစားချက်ကြောင့် ဒီစာအုပ်ကို  ဝယ်လာခဲ့မိတာပါ၊၊

 စာအုပ်ဝယ်ပြီးလို့နှစ်ပတ်လောက်ကြာတဲ့အထိ စာအုပ်ကို မကိုင်ဖြစ်သေးပါဘူး၊၊ ကျောင်းစာတွေရှုပ်နေတာရော  မအားတာတွေကြောင့်ပါ၊၊ စာအုပ်ကို  စဖတ်ဖြစ်တော့ ပထမအစပိုင်းမှာ  တရုတ်အမျိုးသမီးတစ်ယောက် ထူးဆန်းစွာ ခရစ္စမတ်  မတိုင်ခင် သေဆုံးသွားပုံနဲ့  အစပျိုးထားပါတယ်၊၊ နောက်ပိုင်း စာမျက်နှာတွေမှာ သေဆုံးသူအမျိုးသမီးကနေပြီး ဇာတ်အိမ်တစ်ခုလုံးကို ပြန်လည်ပြောပြထားပုံ ရေးဖွဲ့ထားပါတယ်၊၊ အဲဒီမှာ သူမ မသေခင်က မြန်မာပြည်ကို သူမရဲ့သူငယ်ချင်းတွေနဲ့ အလည်သွားဖို့ရာပြင်ဆင်ထားတယ်လို့ ဆိုတဲ့အခန်းရောက်မှ စာအုပ်အဖုံးကို ပြန်ကြည့်ပြီး ဒါအင်းလေးပါလားလို့ သိတာပါ၊၊ ကျနော် ချာတူးလန်တာကတော့ မပြောပါနဲ့တော့ :)
ဒါကတော့စာအုပ်နောက်ဖုံးပါ၊၊စာရေးသူ Amy Tan ဟာ တရုတ်လူမျိုး အမေရိကန်ဖွား ဖြစ်ပါတယ်၊၊ သူမရဲ့သားသမီးတွေကို လုပ်ခွင့်မပြုတဲ့ အရာဆယ်မျိုး  အကြောင်းကို New York Times မှာ ဆောင်းပါးတစ်ပိုဒ်အဖြစ်တင်ခဲ့တာ လူပြောတော်တော်များခဲ့တဲ့ ဆောင်းပါးတစ်ပိုဒ်ဖြစ်ခဲ့ပါတယ်၊၊ (ဒါက စကားချပ် ) လိုရင်းကို ပြန်သွားပါမယ် :)

ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ခရီးသွား၁၁ယောက်ဟာ  မြန်မာပြည်ထဲကို လေဆိပ်ကနေ မဝင်ပဲ နယ်စပ်ကနေ  တရားဝင်  ဖြတ်ကျော်ဝင်ရောက်ဖို ့ ကြိုးစားချိန်မှာ ကြုံရတဲ့အခက်အခဲတွေကိုရေးဖွဲ့ထားတာပါ၊၊ကျနော့်အထင် စာရေးသူဟာ မြန်မာပြည်ကို ရောက်ဖူးခဲ့ပြီး အသေးစိတ်လေ့လာခဲ့ဖူးသူတစ်ယောက်
ဖြစ်နိူင်ပါတယ်၊၊  ဇာတ်လမ်းရဲ့ အထွတ်အထိပ်ကတော့ ခရီးသွားအုပ်စုကို တောတွင်းမှာ ပုန်းအောင်းနေတဲ့ ကရင်မျိုးနွယ်စုတစ်စုက လှည့်ဖျားခေါ်ယူပြီး သူတို့နဲ့ အတူတူနေထိုင်စေတဲ့အခန်းပါ၊၊

 ကရင်မျိုးနွယ်စုတွေဟာ  ခရီးသွားအုပ်စုကို အဲဒီလို လုပ်ရခြင်းက အကြောင်းရှိပါတယ်၊၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်တုန်းက သူတို့မျိုးနွယ်စုတွေယုံကြည်ကိုးကွယ်ခဲ့တဲ့ ဥရောပသား မျက်နှာဖြူ လူတစ်ဦးရှိခဲ့ဖူးပါတယ်၊၊ အဲဒီလူဟာ ဖဲချပ်တွေနဲ့ မျက်လှည့်ပြရာမှာ  အလွန်ပါးနပ်ပြီး အဲဒီခေတ်က လူတွေကို သူဟာ နတ်များအားလုံးရဲ့  အကြီးအကဲဖြစ်တယ်ဆိုပြီး လိမ်လည်ခဲ့ပါတယ်၊၊ သူ့ကို ယုံကြည်ပြီး နောက်လိုက်တဲ့ လူတွေ ထောင်သောင်းချီ ရှိလာခဲ့တယ်၊၊ ဒါနဲ့ ဗြိတိသျှ အစိုးရက သူ့ကို ဖမ်းဖို့  ဝရမ်းထုတ်ပါတယ်၊၊ ဒီအခါမှာ သူက ကရင်မျိုးနွယ်စုနဲ့အတူ တောတွင်းထဲကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်၊၊ စစ်တပ်က ဖမ်းဆီးဖို့လာတိုင်း သူဟာလွတ်အောင် ပြေးပုန်းနိူင်ခဲ့တယ်၊၊  အဲဒါနဲ့ပဲ ကရင်လူမျိုးစုတွေဟာ သူ့ကို ကိုယ်ပျောက်အစွမ်းရှိတယ်လို့ ယုံကြည်ကြတယ်၊၊ ဒါပေမယ့် တစ်နေ့မှာတော့  သူဟာ နေ့လည်စာစားနေတုန်းမှာပဲ တောအုပ်ထဲကို လမ်းလျှောက်ပြီး ဝင်သွားတဲ့နောက် ပြန်မပေါ်လာခဲ့တော့ပါဘူး၊၊ အစွဲကြီးတဲ့ ကရင်မျိုးနွယ်စုဟာ သူပြန်လာမယ်လို့ ယုံကြည်ပြီး မျိုးစဉ်ဆက် စောင့်မျှော်နေခဲ့ကြတယ်၊၊


တိုက်တိုက်ဆိုင်ဆိုင် ခရီးသွားအုပ်စုထဲမှာဖဲချပ်တွေကို ကစားတတ်တဲ့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက် ပါလာခဲ့တယ်၊၊အဲဒီလူငယ်လေး ဟာဖဲချပ်တွေကို ပျောက်စေလုပ်နိူင်တာကို မြင်ပြီး ကရင်မျိုးနွယ်စုဟာ သူတို့စောင့်မျှော်နေတဲ့ အရှင်သခင် အဖြစ် ထင်မှတ်မှားရာက ပြဿနာစလာပါတယ်၊၊ စစ်အစိုးရရဲ့ နှိပ်စက်ညင်းပန်းမှုကနေ လွတ်မြောက်အောင် သူတို့တွေကို ကိုယ်ပျောက်နည်း သင်ပေးမယ်လို့ ယုံကြည်ရာကနေ  ခရီးသွားအဖွဲ့ကို တောတွင်းထဲက စခန်းကို ခေါ်ဆောင်လာခဲ့တယ်၊၊

 ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ခရီးသွားအဖွဲ့ပျောက်ဆုံးတာ တစ်ကမ္ဘာလုံး သိသွားကြပါတယ်၊၊ မြန်မာအစိုးရကိုအပြင်းအထန်ဖိအားပေးပြီး ခရီးသွားတွေကို ရှာဖွေစေပါတယ်၊၊ ဒီအခန်းမှာ အစိုးရလူကြီးမင်းများရဲ့ လုပ်ပုံကိုင်ပုံတွေကို ရေးသားပြသွားတာဟာ  အင်မတန်မှပဲ လက်တွေ့ဘဝကို ထင်ဟပ်ပါတယ်၊၊

ခရီးသွားအဖွဲ့တွေ တောနက်ထဲမှာ ငှက်ဖျားမိပြီး သေအံ့မူးမူးဖြစ်နေခဲ့တာတွေ မြန်မာလူမျိုးတွေရဲ့ ရှေးရိုးစွဲ အယူဝါဒတွေကို အသေးစိတ်ရေးပြထားတာဟာ သည်းထိပ်ရင်ဖို ရုပ်ရှင်တစ်ကားလို ပီပြင်အသက်ဝင်လွန်းလှပါတယ်၊၊ ကျနော်  ပုံပေါ်အောင် မရေးပြတတ်တာ ခွင့်လွှတ်ကြပါ၊၊ အခွင့်အခါ ကြံုခဲ့ရင် ဖတ်ကြပါလို့ပဲ  တိုက်တွန်းလိုက်ပါတယ်၊၊

Comments

စာအုပ်လေး စိတ်ဝင်စားလိုက်တာ
ဇာတ်အိမ်ကလည်း ဖတ်လို့ကောင်းမှာဘဲ
ကိုယ့်တိုင်းပြည်ထဲက လူတွေတောင် သေချာ မရောက်နိုင်တဲ့နေရာက အကြောင်းတွေဆိုတော့ ပိုစိတ်ဝင်စားတာ..
စာအုပ်လေး ရှာဖတ်ချင်ပါသေးတယ်..
Anonymous said…
ဒို့ ကိုအမေရိကန်သူငယ်ချင်းမလေးက
သူမြန်မာပြည်သွားတုန်းကဖတ်ဘို့ ယူသွားတဲ့စာအုပ်လေးတအုပ်လက်ဆောင်ပေးဘူးတယ်။
အဲဒါပြီးအောင်မဖတ်ဖြစ်ခဲ့ဘူး။ ကျောင်းစာနဲ့ ရုန်းကန်နေရတာနဲ့ ။
နောက်ပိုင်းကျတော့လည်းစာအုပ်စင်အတွင်းပိုင်းထဲရောက်ပြီးတခြားစာအုပ်တွေသာဖတ်ဖြစ်ခဲ့တယ်။ အဲဒီစာအုပ်အဖုံးကိုအိမ်ပြောင်းတော့မှသေချာကြည့်မိပြီး အော်..အင်းလေးပုံလေးဘဲ။ နေရာသစ်ရောက်ရင်ပြန်ဖတ်အုန်းမယ်ဆိုစက္ကူပုန်းထဲထဲ့လိုက်တာမမြင်ကွယ်ရာရောက်နေပြန်တယ်။
တိမ်ပြာညွှန်းတော့မှ တချို့ အခန်းတွေပြန်သတိရလာတယ်။
ပြန်ပြီးအစကနေဖတ်လိုက်အုန်းမယ်။
စာအုပ်လေးတအုပ်ကိုတိုက်တိုက်ဆိုင်ဆိုင်တွေ့ ရတာအံ့သြမိတယ်။
အိုင်အိုရာ

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...