Skip to main content

ဘာကြောင့် မအောင်မြင်ရတာလဲ?

တနေ့က ကြည့်လိုက်ရတဲ့ ဗီဒီယိုလေးတစ်ခုကြောင့် စဉ်းစားစရာတွေ အများကြီး တိုးလာခဲ့ပါတယ်၊၊ ဒီဗီဒီယိုလေးက ဘာကြောင့် အာရှသားတွေဟာ အနောက်နိူင်ငံတွေရဲ့ ထိပ်တန်းရာထူးတွေမှာ ဘာကြောင့်နေရာယူနိူင်စွမ်း မရှိတာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားကြတာပါ၊၊ ဒီမှာ ဆွေးနွေးသူနှစ်ဦးပြောသွားတာတွေဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းသလို ကျွန်တော်မစဉ်းစားမိတဲ့ အမှန်တရားတွေကိုလည်း တွေ့လိုက်ရပါတယ်၊၊

အမေရိကန်နိူင်ငံမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပြည်ပကနေ အခြေစိုက်ပြောင်းရွှေ့လာတဲ့သူတွေထဲမှာ အာရှသူ/သားတွေဟာ ရာခိုင်နှုန်းအများဆုံးအဖြစ် နေရာယူလာခဲ့ပါတယ်၊၊ အဲဒီမတိုင်ခင်ကတော့ စပိန်စကား အဓိကပြောတဲ့ လက်တင်အမေရိကားက လူမျိုးတွေ အများဆုံး နေရာယူခဲ့ကြတာပါ၊၊ ဒီလူမျိုးတွေများလွန်းလို့ အမေရိကားမှာ စပိန်စကားဟာ ဒုတိယ ရုံးသုံးစကားလို ဖြစ်နေခဲ့ပါပြီ၊၊ တချို့တွေဆိုရင် အမေရိကားမှာ ဆယ်နှစ်၊ နှစ်နှစ်ဆယ် နေကြပေမယ့် အင်္ဂလိပ်လို မပြောနိူင်ကြပါဘူး၊၊ စပိန်စကားနဲ့ပဲ တစ်ဘဝလုံး ဒီလိုပဲနေသွားကြတဲ့သူတွေ အများကြီးပါ၊၊ ထားပါတော့လေ လိုရင်းကနေ လွဲသွားပြီ :)

အမေရိကန်နိူင်ငံကို ရောက်လာကြတဲ့ အာရှနွယ်ဝင် မိသားစုတွေဟာ ရောက်ရောက်ခြင်းမှာပဲ ပထမဦးဆုံး လုပ်လေ့ရှိကြတာက သူတို့သားသမီးတွေကို ကျောင်းကောင်းကောင်းပို့ကြတာပါ၊၊ မိဘတွေက သားသမီးတွေကို ပညာရေးအတွက် ဦးစားပေးထားသလို ပေါင်းသင်းဆက်ဆံရေးမှာလည်း စည်းကမ်းတင်းကျပ်ထားတတ်ပါတယ်၊၊ No Look Pass လို့ခေါ်တဲ့ documentry ရုပ်ရှင်ဟာ မြန်မာပြည်ဖွား တရုပ်နွယ်ဝင် Emily Tay အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်၊၊ ဒီရုပ်ရှင်ထဲမှာ Emily ရဲ့ မိဘနှစ်ဦးဟာ သူတို့ သမီးလေး Harvard University ဝင်ခွင့်ရဖို့ အရေး ဘယ်လောက်ထိအောင် တွန်းအားပေးခဲ့သလဲဆိုတာ တွေ့နိူင်ပါတယ်၊၊ Emily ရဲ့ ဒီရုပ်ရှင်ဟာ အမေရိကန် နိူင်ငံတဝှမ်းလုံးမှာ နေထိုင်နေကြတဲ့ အာရှမိသားစုတွေရဲ့ ပုံရိပ်ကို ကောင်းစွာထင်ဟပ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်၊၊ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခုကြားမှာ ရုန်းကန်ခဲ့ရတာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ကိုယ်ကို ဖိအားပေးခဲ့တဲ့ Emily ရဲ့ ဘဝဟာ ကျွန်တော်အပါအဝင် အာရှသူှ/သားတွေ အတော်များများကြုံတွေ့နေရတဲ့ ဘဝတွေပါပဲ၊၊

အဓိကကတော့ အာရှမိဘတွေဟာ
သူတို့သားသမီးတွေဆီက ပညာရေးက လွဲလို့ ဘာကိုမှ မမျှော်လင့်တတ်ကြလို့ပါပဲ၊၊ ဆရာဝန်၊ အင်ဂျီနီယာ ဒီလို ဘွဲ့တွေဟာ အာရှမိသားစုတွေကြားထဲမှာ ရေပန်းစားလှပါတယ်၊၊ ဒါမှမဟုတ်ရင်လည်း ဝင်ငွေမြင့်တဲ့ Computer လောကထဲက ဘွဲ့တွေလိုမျိုးပေါ့၊၊ မိဘတွေက ဒီလိုတွန်းအားပေးလို့ပဲ အာရှကျောင်းသားတွေဟာ စာသင်ခန်းထဲမှာ ထိပ်တန်းရောက်နေတဲ့ သူတွေဖြစ်လာခဲ့ပါတယ်၊၊ အမေရိကန်နိူင်ငံရဲ့ နာမည်ကြီးလှတဲ့ Silicon Valley မှာ ရှိတဲ့ သုံးပုံတစ်ပုံသော အင်ဂျီနီယာတွေဟာ အာရှသားတွေဖြစ်ပါတယ်၊၊ အာရှသူ/သားတွေဟာ ထူးချွန်ထက်မြက်တယ်ဆိုတဲ့ အချက်ဟာ မေးခွန်းထုတ်စရာ မလိုလောက်အောင်ကို ဒီကိန်းဂဏန်းတွေက သက်သေပြနေပါတယ်၊၊

ဒါပေမယ့် အံ့သြစရာ ကောင်းတဲ့ နောက်အချက်တစ်ခုရှိပါသေးတယ်၊၊ ဒါကတော့ အာရှသားတွေဟာ သူများတွေထက် အလုပ်ကြိုးစားပြီး ထက်မြက်ပေမယ့် Company တွေရဲ့ ထိပ်တန်း ရာထူးတွေမှာ နေရာယူတဲ့ ရာခိုင်နှုန်း အင်မတန်မှ နည်းပါတယ်တဲ့၊၊ ဒီလိုဖြစ်လာတဲ့အခါမှာ ဆင်ခြေပေးလေ့ရှိကြတာက အသားအရောင် ခွဲခြားမှုကြောင့်ပါလို့ ပြောတတ်လေ့ရှိကြပါတယ်၊၊ ဒါပေမယ့် အဓိက အကြောင်းကတော့ ယဉ်ကျေးမှုကြောင့် ဖြစ်ပါတယ်တဲ့၊၊
ကျွန်တော်တို့ အာရှသူ/သားတွေရဲ့ လူနေထိုင်မှု ပုံစံနဲ့ ယဉ်ကျေးမှုတွေဟာ တစ်နိူင်ငံနဲ့တစ်နိူင်ငံ သိပ်ပြီး ကွာခြားမှုမရှိလှပါဘူးလို့ ထင်ပါတယ်၊၊ ဥပမာ လူကြီးသူမကို ရိုသေလေးစားရတာမျိုးတွေပေါ့၊၊ ကျွန်တော်တို့ မြန်မာနိူင်ငံမှာဆို ဆရာကန်တော့ပွဲတို့၊ သက်ကြီးရွယ်အိုပူဇော်ကန်တော့ပွဲတို့ နှစ်စဉ်နှစ်တိုင်း လုပ်လေ့ရှိကြသလို တစ်ခြားလူမျိုးတွေ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို အစရှိတဲ့ နိူင်ငံတွေမှာလည်း လူကြီးသူမကို ရိုသေကိုင်းရှိူင်းတဲ့ အလေ့အကျင့်တွေကို တွေ့ရပါတယ်၊၊

ဒီအလေ့အကျင့်ဟာ အင်မတန်မှပဲ လှပသိမ်မွေ့ပြီး ချစ်ဖို့ကောင်းပေမယ့် အာရှသူ/သားတွေအတွက် အနောက်နိူင်ငံတွေမှာ အောင်မြင်ဖို့ အဓိက အတားအဆီးဖြစ်တယ်လို့ ပြောရင် မိတ်ဆွေလက်ခံနိူင်မလား?
အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိူင်ငံမှာဆို လူကြီးသူမက ဆိုဆုံးမရင်၊ စကားပြောရင် ပြန်မပြောပဲ ငြိမ်ငြိမ်လေး လက်ကလေးပိုက်လို့ နားထောင်ရပါတယ်၊၊ လူကြီးက ပြောတာတွေမှာ မှားတာတို့၊ ဟာကွက်တို့ ရှိနေရင်တောင်မှ ပြန်ပြောခဲ့တယ်ဆိုရင် လူရှေ့သူရှေ့မှာ ကိုယ်ကပဲ လူရိုင်းလေးလိုဖြစ်သွားတတ်ပါတယ်၊၊  အကျိုးဆက်ကတော့ ကလေးငယ်ဟာ ကြီးပြင်းလာတဲ့အထိ ဒီပုံစံခွက်ထဲမှာပဲ ခေါင်းညိတ်ပြီး ခိုင်းတာ လုပ်တဲ့သူဖြစ်လာပါတော့တယ်၊၊ ကိုယ်မှန်တယ်ထင်ပေမယ့် မဝံ့မရဲနဲ့ မှန်ရာကို ပြောဖို့ ကြောက်သွားအောင် ဒီဓလေ့က တွန်းအားပေးသလိုဖြစ်သွားပါတယ်၊၊
လူကြီးသူမကို ရိုသေကိုင်းရှိုင်းလွန်းတဲ့ ဓလေ့တွေနဲ့ အားနာတတ်တဲ့ ဓလေ့တွေအပြင် သူတပါးကို ပွင့်ပွင့်လင်းလင်း မဆွေးနွေးတတ်တဲ့ ဓလေ့တွေကြောင့် အာရှသားတွေဟာ ဒီလို ထိပ်တန်းရာထူးတွေကနေ လွဲချော်ရခြင်း ဖြစ်ပါတယ်တဲ့၊၊ လူကြီးကို ရိုသေလွန်းတဲ့အတွက် အထက်အရာရှိက ပြောသမျှကို မှတ်စုစာအုပ်လေးနဲ့ လိုက်မှတ် မေးခွန်းထုတ်တာမျိုးမရှိပဲ ခိုင်းသမျှလုပ်တတ်တာမျိုး၊ စည်းဝေးတွေထဲမှာ မိမိရဲ့ အိုင်ဒီယာတွေကို ပြောထုတ်ဖို့ မဝံ့မရဲ ဖြစ်တာမျိုးကြောင့်ပါ၊၊ ဒီအခါမှာ အထက်အရာရှိက ထင်မြင်သွားတာက အလုပ်ထဲမှာ စိတ်ပါဝင်စားမှု နည်းပါးတယ် ဆိုတာမျိုး ဖြစ်လာပါတယ်၊၊  ပြီးတော့ မိမိလိုချင်တာတွေကို သူတပါးနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့က အားနာတတ်တဲ့ အာရှသားတွေအတွက် သိပ်ပြီးတော့ အဆင်မပြေလှပါဘူး၊၊ ဒီတော့ အလုပ်ခွင်ထဲမှာ ဘယ်လောက်ပဲတော်နေပါစေ ဦးဆောင်သူအခန်းကဏ္ဍမှာတော့ အောင်မြင်နိူင်တဲ့ အရည်အတွက် နည်းရတာ ဖြစ်တယ်၊၊
 Amy Chu

ဒီလိုအချက်တွေကြောင့်ပဲ စာသင်ခန်းထဲမှာ ဘယ်လောက်ပဲ တော်ကြပေမယ့် လက်တွေ့ လုပ်ငန်းခွင်ထဲမှာ  ထင်သလောက် မအောင်မြင်ကြတာ ဖြစ်ပါတယ်တဲ့၊၊ ဒါ့အပြင် စာရေးဆရာမ Amy Chu နာမည်ပြောင်က Tiger Mom ရေးသားတဲ့ မလုပ်ရ ဆယ်ချက် ဆောင်းပါးဟာ အမေရိကန်မိဘတွေကြားထဲမှာ တော်တော်လေး ဂယက်ထသွားတဲ့ ဆောင်းပါးတစ်ပိုဒ်ဖြစ်ပါတယ်၊၊ ဒီဆောင်းပါးမှာ သူမရဲ့ သမီးတွေကို ခွင့်မပြုတဲ့ အချက်ဆယ်ချက်ကို ရေးထားပါတယ်၊၊ တချို့ကို ရေးပြမယ်ဆိုရင်တော့ဖြင့် အပြင်ထွက်ညမအိပ်ရ၊ ပီယာနိုနှင့် တယောကလွဲပြီး တခြားမသင်ရ၊ အတန်းထဲမှာ အမှတ် A အောက်မကျရ ဆိုတာမျိုးတွေပါ၊၊ အမေရိကန်မိဘတွေကတော့ ဒါဟာ မိမိရဲ့သားသမီးရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်နိူင်မှု စွမ်းရည်ကို ကန့်သတ်တာပဲလို့ ဝေဖန်ကြပေမယ့် Amy ကတော့ "  ကျွန်မဟာ မိဘဖြစ်တဲ့အတွက် ကျွန်မသမီးတွေအတွက် အကောင်းဆုံးကို မြင်ပြီးသားဖြစ်တယ် " လို့ ပြန်ဖြေခဲ့ပါတယ်၊၊

အာရှမိသားစုတွေရဲ့ နေထိုင်မှု ယဉ်ကျေးမှုပုံစံတွေဟာ ရုတ်တရက်ကြီး အနောက်နိူင်ငံတွေရဲ့ ယဉ်ကျေးမှုနဲ့ အသားကျဖို့ မလွယ်ပါဘူး၊၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တန်ဖိုးထားတဲ့ ယဉ်ကျေးမှု ဓလေ့တွေကို ရိုက်ချိုးပစ်ဖို့ မဖြစ်နိူင်လို့ပါ၊၊




Comments

ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုကို
ရိုက်ချိုးဖို့ဆိုတာ တော်ရုံလူတွေမလုပ်နိုင်ပါဘူး
လုပ်နိုင်တဲ့သူတွေမြင်ဖူးတယ်
အံ့သြမိတာပါပဲ
တိမ်ပြာဆီမရောက်တာကြာခဲ့ပြီ
လင့်တွေပျက်သွားလို့ပါ
ခုမှပြန်တွေ့တာ
ပြန်ချိပ်ထားပါ့မယ်
ဒီပိုစ့်လေးကိုဖတ်ရတော့အသိတွေတိုးလာပြီး
စဉ်းစားစရာလေးလဲကျန်နေရစ်တယ်
တော်တော်ကောင်းတဲ့ ပို့စ်လေးပါပဲ..၊ ဝေဖန်သုံးသပ် ထားတာတွေ၊ ပတ်ဝန်းကျင်နဲ့ အာရှသားတွေရဲ့ ဆက်နွယ်ပုံကို မြင်တာတွေက တိကျတယ်၊ ဟုတ်တယ်ဗျ၊ ရိုသေလေးစား တတ်လွန်းတဲ့ စိတ်က အာရှသားတွေကို ဒုတိယ နေရာမှာပဲ ရှိနေစေခဲ့ သလားလို့ စောကြောမိသွားတယ်..။
Anonymous said…
အဲ့ဒီအမြင် တွေ .... အတွေးတွေ က ..တအားကိုခေါက်ရိုးကျိုး နေတာဆိုတော့...ကြာဦးမှာပေါ့...နံပတ် ၁ ဆိုတာ

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...