Skip to main content

အလုပ်သစ်ရှာဖွေခြင်း(သို့ ) Job Hunting

စာရေးသူတစ်ယောက်တော့ မြန်မာပြည်က ပြန်လာတာနဲ့ အလုပ်တွေ ကမောက်ကမကို ဖြစ်တော့တာပါပဲ၊၊ အရင်လုပ်ခဲ့တဲ့ Company မှာ မြန်မာပြည်ပြန်ဖို့ ခွင့်တစ်လ တောင်းပါတယ်၊၊ ဒါပေမယ့် ကျနော်က လုပ်သက် တစ်နှစ်မပြည့်သေးလို့ company policy အရ ခွင့်ပေးလို့  မရပါဘူးတဲ့၊၊ အမျိုးမျိုး လိုက်ပြီး ညှိကြည့်ပါသေးတယ်၊၊ ဘယ်လိုမှ မတတ်နိူင်တဲ့အဆုံး နှုတ်ထွက်စာ တင်ပြီး ထွက်ခဲ့ရတာပါ၊၊ မှတ်မှတ်ရရ နောက်ဆုံးအလုပ်ဆင်းတဲ့ရက်မှာ Department မန်နေဂျာနဲ့ Factory မန်နေဂျာချုပ်ကြီးက လာပြီးနှုတ်ဆက်ပါတယ်၊၊ ကျနော့်ကို ခွင့်မပေးနိူင်တဲ့အတွက် ဝမ်းနည်းပါကြောင်း၊ မြန်မာပြည်က ပြန်လာတာနဲ့ ချက်ချင်း ပြန်လာပြီး အကြောင်းကြားပါဆိုတဲ့အကြောင်း လာပြီးပြောတော့ ကျနော်လည်း တော်တော် စိတ်ချမ်းသာသွားပါတယ်၊၊ မြန်မာပြည်ခရီးကလည်း လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ကြိုတင် ပြင်ဆင်ထားတာဆိုတော့ ဖျက်လိုက်ဖို့ကလည်း မဖြစ်နိူင်ဘူးလေ၊၊ ဒီလိုနဲ့ စိတ်အေးလက်အေး မြန်မာပြည်ကို ပြန်တာပေါ့၊၊

တစ်လကြာပြီးနောက်တော့ ကျနော် ပြန်ရောက်လာပါပြီ၊၊ ရောက်တာက ဗုဒ္ဓဟူးနေ့ဆိုတော့ ကျန်တဲ့တစ်ပတ်လုံး အနားယူလိုက်သေးတယ်၊၊ နေ့နဲ့ညက မှားနေတုန်းဆိုတော့၊၊ နောက်အပတ် အင်္ဂါနေ့ရောက်တော့ ရုံးကိုသွားပြီး အကြောင်းကြားပါတယ်၊၊ ပြန်ရောက်ကြောင်း ဘာဘာညာညာပေါ့၊၊ ပြီးတော့ အိမ်ပြန်လာပြီး စောင့်တာ တစ်ပတ်ကြာသွားပါတယ်၊၊ ဖုန်းလည်း ဝင်မလာ၊ အီးမေးလ်လည်း မလာနဲ့ ကျနော် တော်တော်တင်းသွားပါတယ်၊၊ မန်နေဂျာကိုလည်း personal အနေနဲ့ အကြောင်းကြားပြီးတာတောင် ကျနော့်ကို အကြောင်းပြန်မလာဘူးဆိုတော့ သေချာပြီ ဒါကျနော့်ကို အလုပ်ပြန်မခန့်ချင်တော့လို့ ဖြစ်မှာ၊၊ ကျနော် သဘောပေါက်သွားတယ်၊၊

ဒါနဲ့  အလုပ်သစ် ရှာပုံတော် ဖွင့်ရပါတော့တယ်၊၊ Trouble never comes alone ဆိုတဲ့ ငယ်ငယ်က ကြားဖူးခဲ့တဲ့ စကားပုံက သိပ်မှန်တာပဲ၊၊ အလုပ်ရှာရတော့မယ်ဆိုမှ ကားကစက်နှိုးမရလို့ စက်ပြင်ဆရာဆီသွားပို့ထားရပါတယ်၊၊ အင်ဂျင်ထဲက ပစ်စတင်ဆိုလား ဘာဆိုလား မမှတ်မိတော့ဘူး အဲဒါ အသစ်လဲပေးရမယ်တဲ့၊၊ ဘယ်လောက်ကျလည်း မေးတော့ $၂၀၀၀၊၊ ပြင်စရိတ်အားလုံးပေါင်းရင် ကားနောက်တစ်စီး ထပ်ဝယ်လို့ ရနေပြီ၊၊ တစ်ခြားနည်း မရှိဘူးလား မေးတော့ အင်ဂျင်တစ်ခုလုံး ချိန်းရင်တော့ သက်သာနိူင်တယ်တဲ့၊၊ ၁၂၀၀ ပဲ ကျမယ်တဲ့၊၊ ကိုယ့်မှာ ရွေးစရာလမ်း မရှိတော့ဘူးလေ၊၊ ချိန်းဆိုလည်း ချိန်းပေါ့၊၊

ကဲ ကားက မရတော့ဘူးဆိုတော့ မိတ်ဆွေတွေကို အကူအညီတောင်းပြီး အလုပ်ရှာရပါတော့တယ်၊၊ ဘယ်လိုဖြစ်မှန်းကို မသိပါဘူး၊၊ အလုပ်လျှောက်တော့ company တွေက မေးတယ်၊၊ ဘယ်အေဂျင်စီက လွှတ်လိုက်တာလည်းပေါ့၊၊ ကိုယ်တောင် ကြောင်တောင်တောင်ဖြစ်တယ်၊၊ ကိုယ့်ဖာသာကိုယ် လာလျှောက်တာလို့ ပြန်ဖြေတော့ အေဂျင်စီကနေတဆင့် လာပါတဲ့၊၊ ဒါနဲ့ပဲ အေဂျင်စီ ဆီသွား၊၊ ဖြည့်လိုက်ရတဲ့ဖောင် စာမျက်နှာနဲ့ဆို ၃၀လောက်ရှိမလားပဲ၊၊ Assessment test ဆိုတာက ပါသေးတယ်၊၊ သချင်္ာမေးခွန်းတွေရော၊ ပဟေဋ္ဌိတွေရော၊  ဉာဏ်စမ်းတွေရော မေးတာမှ အစုံအစုံ၊၊


အမေရိကားမှာ certificate မရှိသေးတဲ့ လူတစ်ယောက်အတွက် အလုပ်ရှာရတာ တော်တော်ခက်ခဲပါတယ်၊၊ အထူးသဖြင့် ကောလိပ်တက်နေသေးတဲ့ ကျောင်းသားတွေအတွက်ဆို ဂွတီးဂွကျနိူင်လွန်းတယ်၊၊ Labor အလုပ်သမား လုပ်ရအောင်ကလည်း  ပညာအရည်အချင်းကြည့်တော့ တက္ကသိုလ်ကျောင်းသား၊ အတွေ့အကြုံမရှိတော့ Office clerk ရဲ့ အကူလောက်ပဲ လုပ်လို့ရတော့ နေရာကောင်းမှာ အလုပ်ကောင်းကောင်းရဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်၊၊

အခက်ခဲဆုံး အဆင့်ကတော့ အင်တာဗျူးပေါ့၊၊ အင်တာဗျူးခေါ်ရင် လူက စိတ်တွေလှုပ်ရှားနေတော့တာ၊၊ တကယ်ဆို ဘာတွေမေးမှာလည်း သိနေရက်သားနဲ့ကို စိတ်လှုပ်ရှားနေမိတာ၊၊ လူက တခြားနေရာမှာသာ စကားကို ဖောင်ဖွဲ့နေအောင်ပြောတတ်တာ၊၊ ဒါမျိုးနေရာဆို မျက်စိသူငယ်၊ နားသူငယ် ဖြစ်ရော၊၊ ဒါတောင် အင်တာဗျူးဖြေရင် ဆောင်ရန်ရှောင်ရန်တွေ Google ကျေးဇူးနဲ့ အတော်ကလေး သိထားသေးတာ၊၊ Youtube မှာလည်း အင်တာဗျူး ဗီဒီယိုတွေ ကြည့်ထားတာပေါ့၊၊ First impression က အရေးကြီးတယ် မဟုတ်လား၊၊ တကယ်တော့ အင်တာဗျူးဖြေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ရောင်းကုန်တစ်ခုလို သဘောထားပြီး customer ကို ဝယ်ချင်စိတ်ရှိအောင် ကြေညာရတဲ့ အလုပ်မျိုး၊၊

 အင်တာဗျူးတွေ ဖြေလာတာများလာတော့ လူက ကိုယ်မှားခဲ့တာတွေ ပြန်မြင်လာတော့တာပဲ၊၊ အမှန်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပဲ၊၊ ကိုယ်မလုပ်နိူင်တဲ့ position ကို ကမ်းလှမ်းလာခဲ့ရင်တောင် training ကောင်းကောင်းသာရရင် လုပ်နိူင်ပါတယ်လို့ ဖြေရမှန်းသိလာတယ်၊၊ ကျနော်က ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတယ်၊၊ ဘာသာစကား အားနည်းမှုကြောင့်လည်း ပါတာပေါ့၊၊ ဒါပေမယ့် ခုတော့ တဖြည်းဖြည်းသိလာတယ်၊၊ လုပ်ငန်းကျွမ်းကျင်မှုနဲ့ ဖြတ်ထိုးဉာဏ်ရှိတဲ့အပိုင်းမှာ ကျနော်တို့ အာရှသားတွေက အများကြီး ပိုသာပါတယ်၊၊

နောက်တစ်ခု အရေးကြီးတာက ကိုယ်ရေးဖိုင်လို့ခေါ်တဲ့ Resume ပေါ့၊၊ ကိုယ့်ကို အင်တာဗျူး ခေါ်မခေါ်ဆိုတာ resume က အဆုံးအဖြတ် ပေးပါတယ်၊၊ ကိုယ့်ကောင်းကြောင်းတွေ ပြီးတော့ ပညာအရည်အချင်း၊ အလုပ်အကိုင် အတွေ့အကြံု ဒါတွေအားလုံးကို တစ်မျက်နှာထဲမှာ ပြီးပြည့်စုံအောင် သပ်သပ်ရပ်ရပ် ရေးပြနိူင်ရင် အင်တာဗျူးခေါ်ခံရဖို့ အခွင့်အရေးများပါတယ်၊၊ အမေရိကားမှာ ထူးခြားတာတစ်ခုက G.P.A (Grade Point Average) လို့ခေါ်တဲ့  ကျောင်းသားဘဝမှာ ရခဲ့တဲ့ အဆင့်သတ်မှတ်ချက်ကို အင်တာဗျူးတော်တော်များများမှာ မေးလေ့ရှိကြပါတယ်၊၊ A ရတဲ့ကျောင်းသားဆိုရင် 3.8 နဲ့4.0 ကြား၊ B ကျောင်းသားဆိုရင် 3.0 နဲ့ 3.5 ကြားလောက်ရပါတယ်၊၊ GPA အမြင့်ဆုံးက 4.0 ပါ၊၊ ဒီလိုဆိုတော့ ကိုယ်ဘွဲ့ရတဲ့အခါကျရင် GPA အနည်းဆုံး 3.00 ရနေဖို့ လိုအပ်ပါတယ်၊၊ မဟုတ်ရင် အလုပ်လျှောက်တဲ့အခါ နောက်ဆုံးမှ စဉ်းစားခံရမှာ အသေအချာပါပဲ၊၊

စာရေးသူကတော့ ဝမ်းတစ်ထွာအရေးအတွက် အလုပ်ရအောင် အလုပ်လျှောက်လွှာတွေ ဖြည့်နေပါတယ်၊၊  လက်လှုပ်၊ ခေါင်းလှုပ်၊ ခြေလှုပ်မှ စားရမယ့် ဘဝဆိုတော့လည်း :)

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ၊၊



















Comments

Anonymous said…
အလုပ်အမြန်ရပါစေ..
အိုင်အိုရာ
Anonymous said…
ခု.....အဆင်ပြေနေတာဝမ်းသာပါတယ်

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...